News

POST TYPE

NEWS

ပြင်သစ်တွင် ဆူပူအုံကြွမှုများ အရှိန်မြင့်တက်လာ၍ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအမြောက်အမြား တပ်ဖြန့်
09-Dec-2018



ပဲရစ်၊ ဒီဇင်ဘာ ၈ 

ပြင်သစ်နိုင်ငံတွင် သမ္မတအီမက် နျူရယ်မက်ခရွန် အစိုးရကိုဆန့်ကျင်သည့် ဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၉၀,၀၀၀ ခန့်ကို လမ်းမများပေါ်တွင် တပ်ဖြန့်ထားရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပဲရစ်မြို့တစ်မြို့တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၈,၀၀၀ နှင့် လက်နက်တပ်ဆင် စစ်သုံးယာဉ် ၁၂ စီးချထားသည်။ နာမည်ကျော် အီဖယ်တာဝါကိုလည်း ပိတ်ထားရသလို စတိုးဆိုင်များကိုလည်း ပျဉ်ပြားများဖြင့် ကာရံထားသည်။ 

အဝါရောင်လက်ပြတ်အင်္ကျီဟု အမည်ရသည့် လောင်စာဆီအခွန်တိုးမြှင့် ကောက်ခံမှုဆန့်ကျင်ရေးဆန္ဒပြမှုမှာ သီတင်းပတ်သုံးပတ်နီးပါးကြာမြင့်လာချိန်တွင် အစွန်းရောက်ဆူပူအုံကြွလိုသည့် ဆန္ဒပြသူများက လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းလာကြောင်း အစိုးရအရာရှိများက ပြောကြားသည်။ 

ပြင်သစ်အစိုးရက လောင်စာဆီအခွန်ကောက်ခံမည့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာပြီး တည်ငြိမ်အေးဆေးစွာနေထိုင်ကြရန် တိုက်တွန်းခဲ့သော်လည်း ဆူပူအုံကြွမှုများမှာရပ်တန့်သွားခြင်းမရှိခဲ့ပေ။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မူဆူပူအုံကြွဆန္ဒပြသူ ရာပေါင်းများစွာကို အာဏာပိုင်များက ဖမ်းဆီးထားခဲ့သည်။ ပဲရစ်မြို့တွင် လူရာနှင့်ချီ၍လည်း ဒဏ်ရာရရှိသွားခဲ့သည်။ 

သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ ယင်းဆန္ဒပြမှုသည် ရာစုနှစ်များအတွင်း အဆိုးရွားဆုံး လမ်းမထွက် အုတ်အော်သောင်းတင်းဖြစ်မှုကြီးဖြစ်သည်ဟု ဆိုသည်။ 

ပြင်သစ်အာဏာပိုင်များက ဖြစ်လာနိုင်ခြေရှိသည့် အန္တရာယ်များကို ကြိုတင်တွက်ဆသည့်အနေနှင့် တပ်ဖွဲ့ဝင်အင်အားအမြောက်အမြားကို နိုင်ငံတစ်ဝန်းရှိ မြို့များ၌ တပ်ဖြန့်ထားခဲ့သည်။ အစပိုင်းတွင် တပ်ဖွဲ့ဝင် ၆၅,၀၀၀ ခန့်တပ်ဖြန့်ခဲ့ရာမှ နောက်ပိုင်းတွင် ၈၉,၀၀၀ အထိအင်အား တိုးမြှင့်လိုက်သည်။ 

ပြည်ထဲရေးဝန်ကြီး ခရစ်တိုဖာကာစနာက ပြီးခဲ့သည့် သီတင်းပတ်ကထက် ဆန္ဒပြသူဦးရေ လျော့ကျသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ “ခန့်မှန်းခြေ တစ်သောင်းလောက်ရှိမယ်။ တစ်သောင်းဆိုတာ ပြည်သူမဟုတ်ဘူး၊ ပြင်သစ်လည်း မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

ပြင်သစ်သတင်းဌာနများ၏ ဖော်ပြချက်တွင် ပဲရစ်မြို့၌ ဆူပူအုံကြွမှုများထပ်မံ မပေါ်ပေါက်စေရန် တပ်ဖွဲ့ဝင်များကအစွမ်း ကုန်ကြိုးပမ်းလျက်ရှိသည်။ နာမည်ကျော် Arc de Triomphe အနီးနားတွင်လည်း ဆူပူအုံကြွမှုများဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။ 

ပြည်ထဲရေးဝန်ကြီးကမူ ဆူပူအကြမ်းဖက်မှုများကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ပြောကြားသည်။

F-01