News

POST TYPE

NEWS

တရားမဝင် မြစ်ကျောက်ထုတ်သူများကို အရေးယူပေးရန် တိုင်ကြား
09-Dec-2018
ဟင်္သာတ၊ ဒီဇင်ဘာ ၈

ဟင်္သာတမြို့၊ ပခန်းရပ်ကွက်၊ ပခန်းကျွန်း၊ ဧရာဝတီမြစ်အတွင်း ညအချိန်၌ တရားမဝင် မြစ်ကျောက်ထုတ်ယူနေသူများကို အရေးယူပေးရန် နိုဝင်ဘာလ ၂၇ ရက်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြားထားသော်လည်း ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဖမ်းဆီးအရေးယူပေးခြင်း မရှိသေးကြောင်း ဒေသခံတောင်သူများက The Voice သို့ ပြောကြားသည်။

ပခန်းကျွန်းအရှေ့ဘက် မျက်နှာချင်းဆိုင်ရှိ ဧရာဝတီမြစ်အတွင်း မြစ်ကျောက်စုပ်ယူသည့် စက်လှေ ၁၅ စီးခန့်က ဓား၊ လှံ၊ လေးခွနှင့် လေသေနတ်များကိုင်ဆောင်လျက် လုပ်ငန်းရှင်လေးဦးက ဦးဆောင်ကာ ညအချိန်၌ တရားမဝင် ထုတ်ယူနေမှုများရှိကြောင်း တောင်သူဦးတင်လှိုင်က ပြောကြားသည်။

အဆိုပါ မြစ်ကျောက်ခိုးထုတ်နေမှုများကို ဟင်္သာတခရိုင်၊ မြစ်ကျောက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် မြို့နယ် ရေယာဉ်များ အသင်းဥက္ကဋ္ဌတို့ကို ခေါ်ယူပြသခဲ့ရာ ထိရောက်သည့် အရေးယူမှု မရှိသည့်အပြင် ပိုမိုအတင့်ရဲစွာ ခိုးထုတ်နေကြကြောင်း၊ ယင်းကဲ့သို့ မြစ်ကျောက်ထုတ်ယူမှုများကြောင့် ကိုင်းစိုက်ဧကများ ဆုံးရှုံးခဲ့ပြီး ကုန်ထုတ်စွမ်းအားများလည်း ကျဆင်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

တောင်သူများတိုင်ကြားသည့် တရားမဝင် မြစ်ကျောက်ခိုးထုတ်နေမှုများကို ကိုယ်တိုင်တွေ့ရှိခဲ့ရပြီး ဒေသခံလုပ်ငန်းရှင်များအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်အထိ လုပ်ကိုင်ခွင့်ချထားပေးခြင်းမရှိ၍ ခိုးထုတ်နေသူများအတွက်သာ အခွင့်အရေးဖြစ်နေကြောင်း၊ တရားဝင် လုပ်ကိုင်ခွင့်ကိုအချိန်နှင့် တစ်ပြေးညီ ချထားပေးခြင်း မရှိသည့်အပြင် တရားမဝင် ခိုးထုတ်နေမှုများကိုလည်း သွားရောက်တားဆီးမှုများမရှိခဲ့ကြောင်း ဟင်္သာတခရိုင်၊ မြစ်ကျောက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

တရားမဝင် မြစ်ကျောက်ခိုးထုတ်နေမှုများကိုဖမ်းဆီးစစ်ဆေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဖွဲ့စည်းတာဝန်ပေးရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တာဝန်ပေးပါက ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ပြောကြားသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အရေးယူမှုအခြေအနေကိုသိရှိနိုင်ရန် ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဒီဇင်ဘာလ ၈ ရက်နေ့က သွားရောက်မေးမြန်းရာတွင် အုပ်ချုပ်ရေးမှူး အပြင်သွားနေခြင်းကြောင့် ဖြေကြား၍ မရနိုင်ကြောင်း ယင်းရုံးမှတာဝန်ရှိသူများက ပြောကြားသည်။

R-13