News

POST TYPE

NEWS

ကရင်ပြည်နယ်၏ စိုက်ပျိုးရေးစနစ် ပြုပြင်ပြောင်းလဲမည်
09-Dec-2018


ဘားအံ၊ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်အတွင်း ရေကြီးနစ် မြုပ်မှုကြောင့် ပျက်စီးသွားသော စိုက်ခင်းများကို ပြန်လည်ထူထောင်ခြင်းမှ စတင်ပြီး အာဟာရပြည့်ဝသော သီးနှံများစိုက်ပျိုး ထုတ်လုပ်နိုင်ရန် ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးစနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ထိုသို့အာဟာရ ပြည့်ဝသော အစားအစာများ ထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (MFAO) ၏ နည်းပညာ အကူအညီများ ယူဆောင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောကြားသည်။

“ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် ပြည်နယ်အတွင်းမှာရှိတဲ့ လူငယ်တွေရဲ့ လေးပုံတစ်ပုံက အာဟာရမပြည့်ဝလို့ အရပ်ပုနေတယ်လို့ သိရပါတယ်။ ဒါကြောင့် FAO နဲ့ ပူးပေါင်းပြီးတော့ အာဟာရပြည်ဝတဲ့ သီးနှံတွေထုတ်လုပ်ဖို့ ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ အဓိကအားဖြင့် ရေကြီးနစ်မြုပ်လို့ စိုက်ခင်းတွေ ပျက်စီးသွားတဲ့ဒေသတွေကို အရင်ထောက်ပံ့လုပ်ဆောင်သွားပါမယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ရေကြီး နစ်မြုပ်သော ဒေသများသို့ သီးနှံမျိုးစေ့ ၇ မျိုး ထောက်ပံ့မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဆောင်းသီးနှံ ၃ မျိုးကို စိုက်ပျိုးနိုင်ရန်နှင့် ကိုယ်ပိုင်ဥယျာဉ်ခြံများ တည်ထောင်နိုင်ရန်အတွက် ရေကြီးနစ်မြုပ်ဒေသရှိ ကျောင်း ၁၀ ကျောင်းမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးဝန်ထမ်းများကို သင်တန်းပို့ချနေကြောင်း MFAO ထံမှ သိရသည်။

“အဓိကစီမံချက်ကတော့ ရေကြီးနစ်မြုပ်ဒေသက တောင်သူတွေကို စိုက်ပျိုးရေးသွင်းအားစုတွေ ပေးတာပေါ့နော်။ ဟင်းသီးဟင်းရွက်မျိုးစုံ ၇ မျိုးရယ်၊ ဒီဟာနဲ့ ပတ်သက်တဲ့ဘေးကင်းတဲ့ မြေဩဇာကိုလည်း ပေးတယ်ပေါ့နော်။ ကျွန်တော်တို့ ပေးတဲ့သွင်းအားစုနဲ့ သူတို့တွေ စိုက်ပျိုးထုတ်လုပ်နိုင်တယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ စားသောက်ကုန်ထုတ်လုပ်နိုင်တယ်ဆိုရင် သူတို့တွေလည်း ဝင်ငွေတွေတစ်ဖက် တစ်လမ်းက အဆင်ပြေစေဖို့ ရည်ရွယ်ပါတယ်”ဟု MFAO စိုက်ပျိုးရေးအကြံပေး ဦးဖြိုးဇင်က ပြောကြားသည်။

ထိုသို့ထောက်ပံ့ရာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးတောင်သူပေါင်း တစ်သောင်းလေးထောင်ကျော်အတွက် စိုက်ပျိုးရေသွင်းအားစုများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး စီမံကိန်းကာလကို ၆ လသတ်မှတ်ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း MFAO ထံမှ သိရသည်။

R-17