News

POST TYPE

NEWS

စစ်ဘေးရှောင်များ ကယ်ထုတ်ရေး သပိတ်ဦးဆောင်ခဲ့သူ ၃ ဦးကို ထောင်ဒဏ် ၆ လနှင့် ငွေဒဏ်ငါးသိန်းစီချမှတ်
07-Dec-2018


မြစ်ကြီးနား၊ ဒီဇင်ဘာ ၇

ပိတ်မိနေသော စစ်ဘေး ရှောင်များ ကယ်ထုတ်ရေး မြစ်ကြီးနား ကချင်လူငယ်ထုသပိတ်စခန်းကို ဦးဆောင်သူ (၃) ဦးကို ယနေ့ (ဒီဇင်ဘာလ ၇ ရက်)တွင် မြစ်ကြီးနားမြို့နယ် တရားရုံးက အလုပ်မဲ့ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ၅သိန်းစီချမှတ်ခဲ့သည်။

ယင်းအပြင် ငွေဒဏ်ငါးသိန်းမဆောင်ပါက နောက်ထပ် ခြောက်လချခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ ပိတ်မိပြည်သူများ လွတ်မြောက်ရေးသပိတ်ဦးဆောင်သူ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ယခုနှစ် မေလအတွင်း တရားလို လုပ်၍ အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမိန့်ချမှတ်မှုနှင့်ပတ်သက်၍ တရားစွဲခံရသူ ဦးလွမ်းဇောင်းက “ပြည်သူ့အသက်ကို နိုင်ငံတော်က ကာကွယ်ရမယ့်တာဝန်ရှိတယ်။ ပြည်သူ့အသက်ကို ကာကွယ်ရမယ့်အစား ပြည်သူတွေကို ကယ်ထုတ်တဲ့လူတွေကို ထောင်ဒဏ်ချတယ်။ ငွေဒဏ်ချတယ်။ ဒီအစိုးရကို ကျတော်တို့ ဘယ်လိုယုံကြည်ရမလဲ”ဟု ၎င်းက အမိန့်ချမှတ်အပြီးပြောခဲ့သည်။

တပ်မတော်နှင့် KIA တို့ တိုက်ပွဲကြား ပိတ်မိနေသော စစ်ရှောင်များ လွတ်မြောက်ရေး တောင်းဆိုသည့် ကချင်လူငယ်ထု သပိတ်စခန်းကို ဧပြီ (၃၀) ရက်နေ့မှ မေလ (၈) ရက်နေ့အထိ ပြုလုပ်ခဲ့ရာ ယင်းသို့ဆောင်ရွက်ခဲ့ရာ၌ တပ်မတော်ကို အသရေဖျက်စေသည့် အသုံးအနှုန်းများ ဟောပြောခဲ့သည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရာဇသတ်ကြီးပုဒ်မ ၅၀၀ သည် ပြစ်မှုထင်ရှားပါက အလုပ်မဲ့ ထောင်ဒဏ်၂ နှစ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးသော်လည်းကောင်း ချမှတ်နိုင်ကြောင်း သိရသည်။

R-06