News

POST TYPE

NEWS

၁၅ နှစ်အတွင်း တာချီလိတ်၌ ဆေးသုံးသူ ၆၀၀ ကျော်ကို ဆေးဖြတ်ပေးနိုင်ဟုဆို
07-Dec-2018



ကျိုင်းတုံ၊ ဒီဇင်ဘာ ၆

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားသည့် ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၀၃ ခုနှစ်မှစတင်၍ မူးယစ်ဆေးသုံးစွဲသူများကို ဆေးဖြတ်ပေးပြီး ပြန်လည်ထူထောင်ရေးသင်တန်းများ ပို့ချပေးခဲ့ရာ ၁၅ နှစ်အတွင်း မူးယစ်ဆေးသုံးစွဲသူ ၆၀၀ ကျော်ကို ဆေးဖြတ်ပေးနိုင်ခဲ့ကြောင်း တာချီလိတ်မြို့ ပြန်လည်ထူထောင်ရေး စခန်းတာဝန်ခံ ဦးနိုင်စိုးမြင့်က ပြောကြားသည်။

“ရပ်ရွာအခြေပြုနဲ့ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းတွေ ဖွင့်လှစ်ပြီး ဆေးဖြတ်ပေးနေတာမှာ မိမိ စိတ်ဆန္ဒအရ လာရောက်ဖြတ်သူတွေ အနေနဲ့က လုံးဝဆေးပြတ်သွားတယ်။ အခုဖွင့်နေတဲ့ သင်တန်းမှာတော့ ငါးဦးက စည်းကမ်းဖောက်ဖျက်ပြီး အပြင်ခိုးထွက်လို့ သူတို့ကိုလာထားပေးတဲ့ ပြည်သူ့စစ်စခန်းကို ပြန်ပို့ပေးထားရတယ်”ဟု ၎င်းက ဆိုသည်။

ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားကို လွန်ခဲ့သော ၁၅ နှစ်ခန့်က စတင်သုံးစွဲခဲ့ရာ နေ့စဉ် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၂၅၀ ကျော် ကုန်ကျခဲ့၍ စီးပွားရေးပျက်ခဲ့သည့်အပြင် အိမ်ထောင်ရေးပါ ပြိုကွဲခဲ့ကြောင်း၊ မူးယစ်ဆေးဝါးကို ကျိုင်းတုံမြို့တွင် သုံးကြိမ်နှင့် ထိုင်းနိုင်ငံတွင် တစ်ကြိမ် သင်တန်းတက် ရောက်ဖြတ်ခဲ့သော်လည်း ပြန်လည်သုံးစွဲမိ၍ ယခုအကြိမ်ထပ်မံဖြတ်ပြီးပါက လုံးဝ မသုံးစွဲတော့ဘဲ မိသားစုပြန်လည်ပေါင်းစည်းပြီး စီးပွားရှာရန် ကြိုးစားမည်ဖြစ်ကြောင်း အသက် ၃၆ နှစ်အရွယ် မူးယစ်ဆေးဖြတ်နေသူ ဦးကောင်းစုမြတ်က ပြောကြားသည်။

တာချီလိတ်မြို့နယ်တွင် နိုင်ငံတော် ကဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ် ပြန်လည် ထူထောင်ရေးစခန်းအပြင် ပြည်သူ့စစ် မူးယစ်ဆေးဖြတ်စခန်းနှင့် ဘာသာရေး အခြေပြု ပုဂ္ဂလိကမူးယစ်ဆေးဖြတ်စခန်း တို့ရှိကြောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ စခန်းအခြေပြု မူးယစ် ဆေးဖြတ်သင်တန်း ၂၅ ကြိမ်တွင် မူးယစ် ဆေးသုံးစွဲသူ ၁၅၁ ဦးနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်သင်တန်း ၁၅ ကြိမ်တွင် မူးယစ်ဆေးသုံးစွဲသူ ၄၉၆ ဦး တက်ရောက် ကြောင်း ယင်းစခန်းများထံမှ သိရသည်။

R-16