News

POST TYPE

NEWS

ရုရှားသည် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ခဲ့ဟု NATO စွပ်စွဲ
07-Dec-2018



ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၆ 

အနောက်မဟာမိတ်စစ်အုပ်စု ဖြစ်သော NATO အဖွဲ့က ရုရှားနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင်ရရှိခဲ့သော နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု တရားဝင်စွပ်စွဲ အကြောင်းကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

NATO နှင့် ရုရှားသည် ၁၉၈၇ ခုနှစ်တွင် တာလတ်ပစ်နျူကလီးယား သဘောတူညီချက်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ယင်းသဘောတူညီချက်အရ ဥရောပဒေသတွင်း မြေပြင်အသုံးပြု နျူကလီးယားဒုံးကျည်များ ထုတ်လုပ်မှုကို တားမြစ်ထားသည်။ 

ယင်းသဘောတူညီချက်ကို ရုရှားနိုင်ငံက ချိုးဖောက်ခဲ့ကြောင်း NATO က တရားဝင် ကြေညာချက်ထုတ်ပြန်သည်။ NATO အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ၎င်းတို့က ရုရှားသည် နျူကလီးယား သဘောတူညီချက် ချိုးဖောက်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲပြောဆိုချက်ကို သဘောတူညီကြောင်း ဖော်ပြထားသည်။ 

အမေရိကန်ပြည်ထောင်စုကမူ ရုရှားနိုင်ငံ၏ လုပ်ရပ်များကြောင့် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ပစ်မည်ဟုပင် ခြိမ်းခြောက်ပြောဆိုထားသည်။ 

ရုရှားနိုင်ငံအစိုးရကမူ ယင်းသဘောတူညီချက် ချိုးဖောက်ခဲ့သည်ဟူသောကိစ္စကို ငြင်းပယ်ခဲ့ပြီး ၎င်းတို့အနေနှင့် သဘောတူညီချက်ပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း ပြုမူနေထိုင်ပါကြောင်း ပြောကြားသည်။ 

“တားမြစ်ထားသည့် ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံက ထုတ်လုပ်ခဲ့သလို တပ်ဆင်ထားခဲ့သည် ဟူသောအချက်ကို မဟာမိတ်နိုင်ငံများက သိရှိလက်ခံထားသည်။ ယင်းလုပ်ရပ်သည် ၁၉၈၇ သဘောတူညီချက်ကို ချိုးဖောက်လိုက်မှုသာဖြစ်သလို ဥရောပ အတ္တလန္တိတ် လုံခြုံရေးအတွက်လည်း အရေးကြီးသည့် အန္တရာယ်တစ်ရပ်ဖြစ်ပေသည်”ဟု NATO နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်သော ကြေညာချက်က ဆိုသည်။ 

“ရုရှားသည် ယင်းသဘောတူညီချက်ပါ တာဝန်နှင့်ဝတ္တရားများကို ချိုးဖောက်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု၏ တွေ့ရှိချက်ကိုလည်း NATO က ထောက်ခံသည်”ဟု ဆက်လက်ဖော်ပြသည်။ 

F-01