News

POST TYPE

NEWS

မကွေးတွင် ဆိုင်ကယ် ၂၉ စီးခိုးသည့် ညီအစ်ကို ၂ ဦးကို ဖမ်းမိ
07-Dec-2018

မကွေး၊ ဒီဇင်ဘာ ၆

မကွေးမြို့ပေါ်တွင် ဆိုင်ကယ် ၂၉ စီး ခိုးယူခဲ့သည့် ညီအစ်ကိုနှစ်ဦးကို ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မကွေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မကွေးတိုင်း၊ ခရိုင်နှင့် မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်အများဆုံး ပျောက်ဆုံးနေသည့် မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအနီးတစ်ဝိုက်တွင် ဝပ်ကင်းဆောင်ရွက်နေစဉ် နံပါတ်မပါသည့်ဆိုင်ကယ်စီးနင်းလာသည့် စလင်းမြို့နယ်၊ ရွှေကြာငုံ ကျေးရွာမှ မကွေးမြို့၊ သာယာကုန်းရပ်ကွက် သို့ ပြောင်းရွှေ့နေထိုင်သူများဖြစ်သည့် လင်းလင်း(ခ)ဝဏ္ဏ(၃၄ နှစ်)နှင့် ၎င်း၏ညီ ဆန်းထွန်းလင်း(ခ)ရဲထက်(၂၅ နှစ်)တို့ကို မသင်္ကာသဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူ မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဗိုလ်ချုပ်လမ်းနဲ့ နတ်မောက်လမ်း ဆုံနားက CCTV မှာ သူတို့ ဆိုင်ကယ်ခိုးပြီး တွန်းသွားတဲ့ မှတ်တမ်းရှိတယ်။ CCTV မှတ်တမ်းမှာ ဂျင်းအင်္ကျီအပြာမှာ Y တံဆိပ်ပါတဲ့ အနွေးထည်ဝတ်ထားတာ။ ဗိုလ်ချုပ်ပန်းခြံနားမှာ အဲ့ဒီအင်္ကျီကိုမြင်ပြီးလိုက်တော့ ထွက်ပြေးတာ။ တိုင်းစည်ပင်ရုံး နားကျတော့မိပြီး စစ်ဆေးတဲ့အခါအခုလို ခိုးထားတဲ့ဆိုင်ကယ်နဲ့အတူ အခြားခိုးခဲ့တာတွေပေါ်လာတာ” ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းအကူတပ်ဖွဲ့ခွဲမှ ရဲအုပ်ဝင်းမျိုးသန့်က ပြောကြားသည်။

ဆိုင်ကယ်ခိုးယူသည့်ညီအစ်ကိုနှစ်ဦးသည် ၎င်းတို့ယူထားခဲ့သည့် ဆိုင်ကယ်များကို အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းချခဲ့ကြောင်း၊ ၎င်းတို့ခိုးယူခဲ့သည့် ဆိုင်ကယ်များကို နတ်မောက်မြို့နယ်၊ တဲကြီးကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများတွင် ၂၆ စီး ရောင်းချခဲ့ပြီး ၎င်းတို့နေထိုင်သည့် နေအိမ်တွင် ၂ စီးနှင့် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာတွင် ၁ စီး ရောင်းချထားကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ခိုးထားသည့် ဆိုင်ကယ် ၂၉ စီးကို မကွေးမြို့မရဲစခန်းတွင် သိမ်းဆည်းထားပြီး ပိုင်ရှင်များနှင့် ဆက်သွယ်ကာ ပိုင်ဆိုင်မှုအထောက်အထားများကို စစ်ဆေးရာတွင် ၁၅ ဦး ရရှိထားပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ခိုးယူထားသည့် ဆိုင်ကယ်အစီးရေ ထပ်မံပေါ်ပေါက်ရန်အတွက် မကွေးမြို့နယ်တရားသူကြီးထံ ချုပ်ရမန်တောင်းခံရယူပြီး ဆိုင်ကယ်ခိုးယူခဲ့သည့် ညီအစ်ကိုနှစ်ဦးကို ရဲအုပ်အေးမင်းထွန်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-23