News

POST TYPE

NEWS

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ရက် ၉၀ အပစ်အခတ်ရပ်စဲ၊ ဆွေးနွေးမှုများပြုလုပ်ပြီး ရလိုက်သည့် သဘောတူညီမှုများ အကောင်အထည်ဖော်နိုင်မည်ဟု တရုတ်ယုံကြည်
07-Dec-2018



ဘေဂျင်း၊ ဒီဇင်ဘာ ၆ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူထားသော ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု မိမိတို့အနေနှင့် ယုံကြည်ထားကြောင်း တရုတ်အစိုးရ အရာရှိများက ထုတ်ဖော်ပြောကြားသည်။ 

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် ကုန်သွယ်ရေးစစ်ကို ရက် ၉၀ တိတိ ရပ်နားထားရန် သဘောတူညီထားပြီဖြစ်သည်။ လတ်တလောလများအတွင်း ဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေး စစ်ပွဲများကြောင့် တရုတ်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံထုတ်ကုန်များအပေါ် အခွန် ဒေါ်လာဘီလီယံပေါင်းများစွာ သတ်မှတ်ပြဋ္ဌာန်းခဲ့ကြသည်။ 

တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပို့ကုန်များအပေါ် အပြန်အလှန်အခွန်ကောက်ခံခြင်းသည် တရုတ်-အမေရိကန်ကုန်သွယ်ရေး စစ်ပွဲ၏ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်မှုများသဖွယ် ဖြစ်ခဲ့သည်။ 

သို့သော် အမေရိကန်သမ္မတထရမက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Twitter စာမျက်နှာမှတစ်ဆင့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျော့ကျတော့မည့်သဘောမျိုး ထုတ်ဖော်ပြောဆိုလာခဲ့သည်။ အိမ်ဖြူတော်က တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုလုပ်သေးသော်လည်း Twitter တွင် ထရမ့်၏ ရေးသားဖော်ပြချက်အရ တရုတ်နိုင်ငံသို့တင်သွင်းသော အမေရိကန်ကားများကို အခွန် ၄၀ ရာခိုင်နှုန်း လျှော့ချဖယ်ရှားပေးရန် ဘေဂျင်းက သဘောတူညီတော့မည်ဖြစ်သည်။ 

အာဂျင်တီးနားနိုင်ငံတွင် ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်နှင့် တရုတ်တို့ ကုန်သွယ်ရေးဆိုင်ရာပြဿနာများကို ဆွေးနွေးနိုင်ခဲ့သည်။ ယင်းဆွေးနွေးပွဲအပြီးတွင် သမ္မတထရမ့်က ကုန်သွယ်ရေးပြဿနာများကို Twitter မှတစ်ဆင့် အသေးစိတ်ရှင်းလင်း အသိပေးရန် ကြိုးပမ်းလာခဲ့သည်။ 

ထရမ့်၏အဆိုအရ တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေး ဆွေးနွေးပွဲများ စတင်နေပြီဖြစ်သလို ကုန်သွယ်ရေးထိုးစစ်များကိုလည်း ရက်ပေါင်း ၉၀ တိတိ အပစ်အခတ်ရပ်စဲသည့် သဘောမျိုးဖြင့် ရပ်နားထားမည်ဖြစ်သည်။ 

တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုထွက် လယ်ယာထွက်ကုန်များနှင့် အခြားကုန်ပစ္စည်းများကို ချက်ချင်းဝယ်ယူသွားမည်ဖြစ်သည်ဟု ထရမ့်ကဆိုသည်။ “သမ္မတရှီကျင့်ဖျင်နဲ့ ကျွန်တော်က အဲဒီ သဘောတူညီချက်ကို အမြန်ဆုံးဖြစ်ပေါ် လာစေချင်ကြတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ကျွန်တော်က အခွန်ကောက်တဲ့ အခွန်မင်းကြီးဖြစ်နေရလိမ့်မယ်”ဟု ထရမ့်က ဆိုသည်။ 

ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သတင်းထောက်များနှင့်တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြားရှိ စီးပွားရေးပွတ်တိုက်မှုတွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့်မဖြစ်လာအောင် ထိထိရောက်ရောက်အကာအကွယ်ပေးနိုင်သည့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပြီဖြစ်သည်ဟု ဆိုသည်။ 

တရုတ်စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင်မူ တရုတ်-အမေရိကန် ခေါင်းဆောင်များအကြား ကုန်သွယ်ရေးဆွေးနွေးပွဲသည် ကြီးမားသည့် အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ကြောင်း ဖော်ပြသည်။ 

တရုတ်အနေနှင့် ရက်ပိုင်း ၉၀ အတွင်း စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သလို အမေရိကန်နှင့် သဘောတူညီမှုရရှိထားသည်များကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းဖော်ပြသည်။ 

F-01