News

POST TYPE

NEWS

တောင်သာမြို့ဖွံ့ဖြိုးရေး ကျပ်သိန်း ၁၀၀၀ သုံးမည်
07-Dec-2018

မိတ္ထီလာ၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်းတောင်သာမြို့နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုလွှတ်တော်က ချပေးသည့်ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း တောင်သာမဲဆန္ဒ နယ်အမှတ် (၁) မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးစိန်ဝင်းက ပြောကြားသည်။

တောင်သာမြို့နယ်တွင်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်နဝါရီလအတွင်း စတင်ဆောင်ရွက်မည်ဟု ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့မြို့နယ်မှာ တိုင်း ဒေသကြီး (၁) နဲ့ (၂) ဆိုပြီး နှစ်ပိုင်းရှိတယ်။ ကျွန်တော့်နယ်မြေက ရေရှားပါးတဲ့ နေရာဆိုတော့ အိမ်တိုင်ရာရောက် ရေပေးဝေရေးကိုဦးစားပေးထားပါတယ်။ ဦးဝိုင်းချစ်အောင်ရဲ့ တိုင်းဒေသကြီး (၂) လွှတ်တော် နယ်မြေကတော့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေးထားတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တောင်သာမြို့နယ်အတွက် လိုအပ်နေသော လုပ်ငန်းများ ဆောင်ရွက်ရန် ထုတ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းအလိုက် ရရှိမည့်ငွေကိုမတည်လျက် ဒေသခံလူထုကထည့်ဝင်သော ငွေများနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဦးစိန်ဝင်းက ရှင်းပြသည်။ 

တောင်သာမြို့နယ်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းရှစ်ခုအတွက် ကျပ် သိန်း ၂၄၀ ခန့်အသုံးပြုမည်ဖြစ်ပြီး လမ်း တံတားလုပ်ငန်း ၁၄ ခုအတွက် ကျပ် ၄၀၅ သိန်းခန့်အသုံးပြုမည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော အခြေခံအဆောက်အဦများ၊ လျှပ်စစ်မီးရရှိရေး၊ ကတ္တရာလမ်းခင်းခြင်း၊ မြေသားလမ်းခင်းခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရန်ရှိကြောင်း တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

R-01