News

POST TYPE

NEWS

Great Well ဖိနပ်စက်ရုံမှ အလုပ်သမား ၇၄ ဦး လျော်ကြေး သိန်း ၆၀၀ ကနဦးရ
07-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၆

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Great Well ဖိနပ်စက်ရုံမှ အလုပ်သမား ၇၄ ဦးကို အလုပ်ထုတ်နစ်နာကြေးအဖြစ် ကျပ် သိန်း ၆၀၀ ရရှိခဲ့ကြောင်း အလုပ်သမား ခေါင်းဆောင် ကိုဇော်မင်းသိန်းက ပြောကြားသည်။

အဆိုပါငွေသည် ကနဦးရရှိသည့် လျော်ကြေးငွေဖြစ်ပြီး ဆက်လက်၍ ကျန်ရှိသော နစ်နာကြေးများကို ဒီဇင်ဘာလ ၁၀ ရက်တွင် အလုပ်ရှင်က ဖြေရှင်းပေးမည်ဟု ချိန်းဆိုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သိန်းခြောက်ရာကျော် ရှင်းပေးတယ်။ ဒါပေမဲ့ ဥပဒေနဲ့မညီဘူး။ လုပ်သက်ကြီးတဲ့သူတွေ လျော်ကြေး ၆ သိန်းကျော် ရတယ်။ အမှန် သူရမှာက ၁၇ သိန်းလောက်ရမယ်။ အဲဒါနဲ့ ပြန်တွက်ပြီး လိုတဲ့ငွေကို ၁၀ ရက်နေ့ ပေးမယ်ပြောတယ်” ဟု ၎င်းကဆိုသည်။

အလုပ်သမားတစ်ဦးချင်းစီကို လုပ် သက်အလိုက်တွက်ချက်ရာတွင် ဩဂုတ်လအတွင်း ရက် ၂၀ လုပ်အားခ၊ အလုပ်ထုတ်ကြောင်း အသိမပေးဘဲ အလုပ်ထုတ်သည့်အတွက် တစ်လစာလျော်ကြေးနှင့် လုပ်သက်အလိုက် ပေးရမည့် လူမှုဖူလုံရေးကြေးများ ကျန်ခဲ့သည့်အတွက် ဆက်လက်ဆောင်ရွက်ရန် ဒီဇင်ဘာလ ၄ ရက်တွင် အလုပ်ရှင်၊ အလုပ်သမား ထပ်မံစာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အလုပ်ရှင်ဘက်က အလုပ်ထုတ်သည့်အချိန်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခဲ့သည့်အတွက် တစ်လစာလျော်ကြေးပေးရမည်ကို ရန်ကုန် တိုင်းအစိုးရအဖွဲ့တွင် ညှိနှိုင်းခဲ့ရကြောင်း ရန်ကုန်တိုင်းအလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“အလုပ်ထုတ်တုန်းက ကြိုအသိမပေးဘူး၊ ဥပဒေမှာ နို့တစ်ကြေး တစ်လစာပေးရမယ်။ အလုပ်ရှင်က မပေးဘူးလုပ်နေတယ်။ ကျွန်တော်ညှိတာ အဆင်ပြေသွားတယ်။ ၁၀ ရက် ကျန်တဲ့ငွေ ရှင်းပေးရမယ်။ လူမှုဖူလုံရေးကြေးပါပါတယ်” ဟု ၎င်းကဆိုသည်။

အလုပ်သမားများ ရသင့်သည့်ငွေများနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၀ ရက်တွင် လှိုင်သာယာမြို့နယ် ထွေ/အုပ် ရုံးတွင် အလုပ်ရှင်ဘက်က ဖြေရှင်းပေးမည်ဟု Great Well စက်ရုံမှ တာဝန်ရှိသူက ပြောကြားသည်။

ယင်းစက်ရုံသည် ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၃၀၀ ကျော် လုပ်ကိုင်လျက်ရှိရာ အလုပ်မရှိသည့် ဌာနမှ အလုပ်သမားများ အလုပ်က အလိုအလျောက် ထွက်ခဲ့သည်ဟု ဩဂုတ်လ ၂၀ ရက်တွင် အလုပ်ရှင်ဘက်က စာထုတ်ကြေညာခဲ့ရာမှ အလုပ်သမားများ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး လေးလကျော်ကြာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားခဲ့ကြခြင်းဖြစ်သည်။

ယင်းစက်ရုံသည် ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၃၀၀ ကျော် လုပ်ကိုင်လျက်ရှိသည်။

J-18