News

POST TYPE

NEWS

ကြံခင်း-ပခုက္ကူရထားလမ်းအတွက် မြေယာလျော်ကြေး ကျပ်သိန်းရှစ်ထောင်ကျော်ပေးမည်
06-Dec-2018


ချောက်၊ ဒီဇင်ဘာ ၆

ကြံခင်း- ပခုက္ကူ ရထားလမ်းပိုင်းတည်ဆောက်ရာတွင် ပါဝင်သည့် မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ မြေယာပိုင်ရှင်များကို နစ်နာကြေး ကျပ်သိန်း ၈၁၀၀ ကျော်ပေးမည်ဖြစ်ကြောင်း ကံမမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကဆိုသည်။

“ကျွန်တော် ၂၀၁၇ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမအကြိမ် လွှတ်တော်မှာမေးတယ်။ မေးတာမှာ လျော်ပ့ါမယ်လို့ အဖြေရခဲ့တယ်။ ခုဒီလ (ဒီဇင်ဘာလ ၁၅ ရက်)ကစပြီးတော့ ကျေးရွာအုပ်စု ၁၅ အုပ်စုကို (ဒီဇင်ဘာလ ၁၉ ရက်)အထိ ၅ ရက်ထဲကပင် သုံးအုပ်စုကို တစ်ရက်နှုန်း ကျွန်တော်တို့ စိစစ်မယ်။ ရထားဌာနကို သက်ဆိုင်ရာပါသွားတဲ့မြေတွေကို မြေယာစွန့်လွှတ်ကြောင်း လက်မှတ်အရင်ထိုးရမယ်။ ကျွန်တော်တို့အရင်ပုံစံ ၁၂ နဲ့ အသိမ်းခံရပါတယ်ဆိုပြီး တင်ထားပြီးပြီ။ အခုကျတော့ မြေယာစွန့်လွှတ်ပြီးရင် မြေလျော်ကြေးကို ထုတ်ပေးမှာ ၂၀၁၈-၁၉ ခုနှစ် ဘတ်ဂျက်အတွင်း ထုတ်ပေးမှာပါ”ဟု ၎င်းကဆိုသည်။

ယင်းသို့ လျော်ကြေးပေးအပ်ရာတွင် ယာမြေတစ်ဧကလျှင် ကျပ် ၁၅ သိန်း​၊​ လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၂၀၊ ကိုင်းမြေတစ်ဧကလျှင် ကျပ်သိန်း ၂၀၊ ဥယျာဉ်မြေနှင့် အိမ်၊ ခြံ မြေ တစ်ဧကလျှင် ကျပ်သိန်း ၄၀ ပေးအပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကံမမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ စုတွင် တောင်သူဦးရေ ၄၅၅ ဦး၏ လယ်ဧက ၁၀၉ ဒသမ ၄၇ ဧက၊ ယာဧက ၃၁၃ ဒသမ ၉၆ ဧက၊​ ကိုင်းဧက ၁၇ ဒသမ ၄၈ ဧကတို့အတွက် စုစုပေါင်း လျော်ကြေး ကျပ် ၈၁၄၆ သိန်း ပေးအပ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

R-24