News

POST TYPE

NEWS

မြန်မာနိုင်ငံတွင် ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန်စီစဉ်
06-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံရှိ ထင်ရှားသည့် ဒေသအသီးသီးနှင့် တိုင်းရင်းသား ဓလေ့ထုံးစံများကို ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့်  MONAREX HOLLYWOOD COOPERATION မှ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။ 

“ထုတ်လုပ်သူကတော့ လာဆွေးနွေးနေပြီ။ ဝန်ကြီးဌာနဘက်ကလည်း လိုအပ်တာတွေ ကူညီဖို့ စီစဉ်ထားတယ်။ ခရီးစဉ်ဒေသတွေတော့ မရွေးရသေးဘူး။ မြေပြင်အခြေအနေကို လိုက်ကြည့်တာတွေတော့ ရှိထားတယ်။”ဟု ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်ကဆိုသည်။ 

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အခြေပြု၍ မှတ်တမ်းရုပ်ရှင်များကို အခန်းဆက် ရိုက်ကူးရန် စီစဉ်ထားပြီး လက်ရှိတွင် ပုဂံ၊ မန္တလေး၊ နေပြညည်တော်နှင့် ရန်ကုန် စသည့်နေရာများ၏ ရေမြေအနေအထားသဘာဝများကို MONAREX HOLLYWOOD COOPERATION မှ လိုက်လံကြည့်ရှုပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

“ဒီကမ္ဘာမှာ လူသိများတဲ့ ကုမ္ပဏီမျိုးက လာရိုက်ရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အခွင့်အရေးတစ်ခုပဲ။ ဈေးကွက်ကိုလည်း ထိုးဖောက်ပြီးသားဖြစ်မယ်။ လက်ရှိ ဂျပန်နိုင်ငံက မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးနေတာ ရှိတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုသန်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အခြေပြု၍ မှတ်တမ်းရုပ်ရှင်များကို MONAREXHOLLYWOOD COOPERATION မှ လာမည့်နှစ်ဆန်းပိုင်းတွင် ရိုက်ကူးရန် စီစဉ်ထားပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရိုက်ကူးမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
 
မြန်မာနိုင်ငံတွင် ထင်ရှားသည့် သမိုင်းအထောက်အထားများနှင့် လှပသည့်  ရေမြေတောတောင်သဘာဝများရှိသဖြင့် ယင်းတို့ကို လူအများသိစေရန် ကမ္ဘာကျော်ရုပ်သံလိုင်းများမှတစ်ဆင့် ထုတ်ဖော်ရန် လိုအပ်နေကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

J-14