News

POST TYPE

NEWS

ပြန်မစွန့်သည့် တပ်သိမ်းမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွှဲ
06-Dec-2018


တောင်ငူ၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း မြင်းစားခွက်ကျေးရွာရှိ စိုက်ပျိုးမြေများကို တပ်မတော်မှ သိမ်းဆည်းထားသည်မှာ နှစ် ၂၀ ကျော်လာသည့်တိုင် ပြန်လည်မစွန့်လွှတ်သည့်အတွက် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက မူလပိုင်ရှင် လယ်သမားများက ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြောင်း ယင်းထွန်တုံးတိုက်ပွဲဦးဆောင်သူများက ပြောကြားသည်။

“တပ်မတော်အစိုးရခေတ် ၁၉၉၆ လောက်မှာ ဆက်သွယ်ရေးတပ်အမှတ် ၁၃ ကသိမ်းပြီး ဘာမှလဲမလုပ်ဘဲ သီးစားချထားလုပ်ကိုင်ခိုင်းနေတာပါ။ ကနေ့ ကျွန်တော်တို့တောင်သူတွေ ထွန်တုံးတိုက်ပွဲလုပ်ပြီး နွေစပါးစိုက်ပါမယ်။ အကြိမ်ကြိမ်လည်း တိုင်ကြားဖြေရှင်းခိုင်းပေမယ့် မဖြေရှင်းပေးလို့ပါ”ဟု မြင်းစားခွက်ကျေးရွာမှ မြေသိမ်းခံတောင်သူ ဦးညွှန့်လွင်က ပြောကြားသည်။

မြင်းစားခွက်ကျေးရွာ ကံပေါက်ကြီး ကွင်းအမှတ် ၅၆၁/က နှင့် အနီးတစ်ဝိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကတည်းက စားကျက်မြေအဖြစ် သတ်မှတ်ထားသည့် မြေယာဧက ၅၀၀ ကျော်ရှိပြီး နောက်ပိုင်းတွင် နီးစပ်ရာ ဒေသခံများက ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးလုပ်ကိုင်လာကြသည့်အတွက် စားကျက်မြေဟုပြော၍မရတော့ကြောင်း ယင်းဒေသခံများက ဆိုသည်။

ယင်းမြေယာများအနက် မြေယာဧက ၅၀ ကျော်မှာ တပ်မတော်အစိုးရလက်ထက်က သိမ်းဆည်းခံခဲ့ရပြီး သိမ်းဆည်းသည့် ဌာနများမှ နီးစပ်ရာတောင်သူကို သီးစားခပေး၍ သီးစားချထားပြီး လုပ်ကိုင်ခွင့်ပေးခဲ့သည့်အတွက် မူလလုပ်ကိုင်နေသူနှင့် သီးစားလုပ်ကိုင်နေသူများ အကြားတွင် မကြာခဏ ပြဿနာများဖြစ် ပေါ်ခဲ့ကြကြောင်း ထွန်တုံးတိုက်ပွဲဆင်နွှဲကြသူများက ဆိုသည်။

“မိဘတွေ လက်ထက်ကတည်းက ခုတ်ထွင်ရှင်းလင်းလုပ်ကိုင်ခဲ့ကြတာပါ။ စစ်တပ်သိမ်းပြီးနောက်ပိုင်း ခင်ပွန်းသည် လက်ထက်ကတည်းက ဒီမြေတွေပြန်ပြီး စိုက်ပျိုးလုပ်ကိုင်ခွင့်ရဖို့ ကြိုးပမ်းနေတာပါ။ ကျွန်မတို့မှာ လုပ်ကိုင်စားသောက်စရာ မြေလည်း မရှိတော့ပါဘူး”ဟု မြေ ၅ ဧက ခန့် သိမ်းဆည်းခံထားရသူ ဒေါ်ကေသီမြင့်က ပြောကြားသည်။

ကံပေါက်ကြီးကွင်းရှိ တပ်မတော် သိမ်းဆည်းမြေများသည် မူလအစကတည်းက စားကျက်မြေအဖြစ်သာ သတ်မှတ်ထားပြီး ယခုထွန်တုံးတိုက်ပွဲ လုပ်ကိုင်ကြသည်ဆိုသည်ကိုမူ မကြားသိရသေးကြောင်း တောင်ငူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-15