News

POST TYPE

NEWS

ပုသိမ်ရှိ KTV ဝန်ထမ်းကို အုပ်စုဖွဲ့ထိုးကြိတ်ပြီး ဓားဖြင့်ထိုးသူများ လွတ်မြောက်နေဆဲဟုဆို
06-Dec-2018
ပုသိမ်၊ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်ရှိ LUCKY 9 KTV ဆိုင်မှ ဝန်ထမ်းတစ်ဦးကို ထိုးကြိတ်ပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့် လူငယ်ကိုးဦးအနက် အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၂ ရက်နေ့ကတည်းက ထွက်ပြေးနေသည့် လူငယ် ၄ ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအထိ မဖမ်းနိုင်သေးကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်း KTV ဆိုင်တွင် သောက်စားပျော်ပါးပြီး ငွေမရှင်းဘဲ ထွက်သွားသဖြင့် ယင်းဆိုင်မှ အသက် ၂၅ နှစ်ရှိ ဝန်ထမ်း စိုင်းဝဏ္ဏကျော်က ကျသင့်ငွေလိုက်လံတောင်းခံရာ လူငယ်ကိုးဦးက ဝိုင်းဝန်းထိုးကြိတ်၍ ၎င်းတို့အထဲမှတစ်ဦးက ယင်းဆိုင်ရှေ့တွင် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း၊ ထိုဒဏ်ရာများဖြင့် စိုင်းဝဏ္ဏကျော်မှာ ဆေးရုံသို့တင်ပို့စဉ်သေဆုံးခဲ့ရကြောင်း ဒုတိယ ရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

“အရက်ကြောင့် ဖြစ်ပွားရတာပါ။ ကျန်နေသူတွေ ဖမ်းမိရေး၊ ပြစ်မှုကျူးလွန်သူ အမှန်ပေါ်ပေါက်ရေးတို့အတွက် စစ်ဆေးနေဆဲပါ”ဟု ၎င်းကပြောဆိုသည်။

ပြစ်မှုကျူးလွန်ရာတွင် ဆက်စပ်သူများဖြစ်သည့် လူငယ် ၉ ဦးမှာ အသက် ၁၅ နှစ်မှ ၂၃ နှစ်အတွင်းရှိသူများဖြစ်ကြောင်း၊ ပုသိမ်မြို့ ရေကြည်ဦး ရပ်ကွက်နေ အဓိကကျူးလွန်သူ အသက် ၁၇ နှစ်ရှိ မြတ်ကိုကိုအောင်ကို သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း စိုးညီ၊ ဝေယံကိုကို၊ ဇင်ဆောင်းဦးနှင့် ဖိုးဖြူတို့မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

LUCKY 9 KTV ဆိုင်ရှင် ဦးလွင်မြတ်မိုး၏ တိုင်တန်းချက်အရ စိုင်းဝဏ္ဏကျော်ကိုထိုးကြိတ်ပြီး ဓားနှင့်ထိုးသူများကို ပုသိမ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရုံးထံမှ သိရသည်။

R-12