News

POST TYPE

NEWS

အငှားယာဉ် လုယူပြေးသည့် လူငယ်သုံးဦးကို နာရီပိုင်းအတွင်း ဖမ်းမိ
06-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၅

မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပလမ်းတွင် ဒီဇင်ဘာလ ၅ ရက် နံနက် ၃ နာရီက အငှားယာဉ်မောင်း အမျိုးသားကို ဓား ထုတ်ပြ ခြိမ်းခြောက်၍ ပရိုဘောက်အငှားယာဉ်ကို လုယူခဲ့သော လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းမှာ ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် လူငယ်သုံးဦးမှာ ပရိုဘောက် အငှားယာဉ်တစ်စီးကို ကျပ်တစ်သောင်းခွဲဖြင့် ငှား၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဘက်ကို့ လိုက်လံ ပို့ဆောင်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် ဥက္ကလာပလမ်းအရောက်တွင် ၎င်းတို့က အပေါ့သွားချင်ကြောင်း ယာဉ်မောင်းကို ပြောဆိုသဖြင့် ယာဉ်ရပ်ပေးချိန် ၎င်းတို့သုံးဦးထဲမှ တစ်ဦးက ဓားထုတ်ပြ ခြိမ်းခြောက်၍ ယာဉ်မောင်း၏ လက်ကိုင်ဖုန်းနှင့် ငွေကျပ်သုံးသောင်းကျော်အပြင် ပရိုဘောက်အငှားယာဉ်ကိုပါ လုယူသွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယူသွားသည့် ပရိုဘောက်အငှားယာဉ်မှာ ဆရာစံလမ်းနှင့် ကမ္ဘာအေး ဘုရားလမ်း မီးပွိုင့်ကိုဖြတ်၍ ဘယ်ဘက်လမ်းအတွင်းသို့ ကွေ့ဝင်သွားကြောင်း လမ်းတွင်တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ သိရသဖြင့် ပိတ်ဆို့ရှာဖွေခဲ့ရာ ဒီဇင်ဘာလ ၅ ရက် နံနက် ၅ နာရီတွင် ဗဟန်းမြို့နယ်၊ ပုလဲလမ်းနှင့် ငမောက်လမ်းထိပ်တွင် ပရိုဘောက် အငှားယာဉ်နှင့် လုယက်မှုကျူးလွန်သူ သုံးဦးကို ဖမ်းမိခဲ့သည်။

လုယက်မှုဖြင့် ဖမ်းဆီးရမိသူ သုံးဦးမှာ မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ် လျှမ်းကျော်ဇေယျ (ခ) ကျော်ဇေယျ(ခ) ကျော်ကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ် ကောင်းဆက်လင်းနှင့် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် နေထိုင်သူ အသက် ၁၈ နှစ် ပန်သုကျော်တို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03