News

POST TYPE

NEWS

ဘန်ကောက်မှ လေယာဉ်ဖြင့် ပြန်လာသည့် အမျိုးသမီးတစ်ဦး ဒေါ်လာများ ခိုးယူခံရ
06-Dec-2018
ဘန်ကောက်မှ လေယာဉ်ဖြင့် ပြန်လာသည့် အမျိုးသမီးတစ်ဦး ဒေါ်လာများ ခိုးယူခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံ ဘန်ကောက်မှ ရန်ကုန်လေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ အမေရိကန် ဒေါ်လာ တစ်ရာတန် အရွက်တစ်ရာမှာ ခိုးယူခံရကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဒေါ်လာများ ပျောက်ဆုံးခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးမှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သူဖြစ်ကာ နိုဝင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူထံ အလည်သွားရောက်ကာ ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက ဘန်ကောက်လေဆိပ်မှ မြန်မာ့အမျိုးသားလေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ လိုက်ပါလာခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“တရားလိုအမျိုးသမီးရဲ့ ပြောဆိုချက်အရဆို သူ့ယောက်ျားဖြစ်သူပေးလိုက်တဲ့ တစ်ရာတန်ဒေါ်လာ အရွက်တစ်ရာကို တစ်ရှူးစက္ကူနဲ့ပတ်ပြီး ဖိုင်ထဲထည့်တယ်။ ပြီးတော့ ခရီးဆောင်အိတ်ထဲကို ထည့်ပြီးယူလာခဲ့တယ်လို့ ဆိုတယ်။ ရန်ကုန်လေဆိပ်ရောက်တော့ ခရီးဆောင်အိတ်တွေ ရွေးယူရမယ့်နေရာမှာ အိတ်ကိုသွားယူတော့ အိတ်မှာ ခတ်ထားတဲ့ သော့ကပျက်နေတယ်။ ဒါကြောင့် ခရီးဆောင်အိတ်ထဲက ပစ္စည်းတွေကို စစ်ကြည့်တော့ ဒေါ်လာတွေ မရှိတော့တာမို့ ရဲစခန်းလာ အမှုဖွင့်ခဲ့တာပါ။ ဒီမှာပဲ ပျောက်တာလား။ ဒါမှမဟုတ် ဘန်ကောက်မှာပဲ ပျောက်တာလား သေချာမသိသေးဘူး။ လတ်တလော အမှုက စုံစမ်းစစ်ဆေးနေတုန်းပဲ”ဟု ရဲအရာရှိက ရှင်းပြသည်။

ခရီးဆောင်အိတ်ထဲရှိ အမေရိကန် ဒေါ်လာများ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03