News

POST TYPE

NEWS

ခါရှော့ဂီအမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသားပါဝင်ပတ်သက်နေသည်ဟု အမေရိကန်ဆီနိတ်တာများ ယုံကြည်
06-Dec-2018



ဝါရှင်တန်၊ ဒီဇင်ဘာ ၅ 

ဆော်ဒီအာရေဗျ သတင်းစာဆရာ ခါရှော့ဂီသေဆုံးမှုနှင့်ပတ်သက်၍ စီအိုင်အေ၏ တိုးတိုးတိတ်တိတ် ရှင်းလင်းပြောကြားမှုကို နားထောင်ခဲ့ရပြီးနောက် အမေရိကန်ဆီနိတ်တာများက ၎င်းတို့အနေနှင့် ခါရှော့ဂီအမှုတွင် ဆော်ဒီအာရေဗျအိမ်ရှေ့ မင်းသား ပါဝင်ပတ်သက်နေသည်ဟူသော အချက်ကို ယခင်ကထက်ပို၍ လက်ခံယုံကြည်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန် ဆီနိတ်တာ လင်ဆေး ဂရေဟမ်က ၎င်းအနေနှင့် သတင်းစာဆရာ ဂျမဲလ်ခါရှော့ဂီ လုပ်ကြံခံရမှု၌ ဆော်ဒီ အိမ်ရှေ့မင်းသား လုံးဝဥဿုံပါဝင်နေသည် ဟူသောအချက်ကို အထူးပင် လက်ခံယုံကြည်ကြောင်း ပြောကြားသည်။ 

ထို့ပြင် လင်ဆေးဂရေဟမ်က ဆော်ဒီ အိမ်ရှေ့မင်းသားသည် အဖျက်သမား သို့မဟုတ် မူမမှန်သူ သို့မဟုတ် အန္တရာယ် ရှိသူတစ်ဦးဖြစ်သည်ဟု ဖော်ပြသည်။ 

ခါရှော့ဂီသေဆုံးမှုတွင် ဆော်ဒီအာရေဗျအစိုးရက လူ ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သော်လည်း အိမ်ရှေ့မင်းသား ပါဝင်ပတ်သက်နေသည်ဟူသော အချက်ကို ငြင်းပယ်ထားသည်။ 

“ငြင်းလို့မရနိုင်တဲ့ သက်သေ အထောက်အထားရှိနေတယ်”ဟု ၎င်းက ပြောကြားသည်။ 

ထို့ပြင် ဆော်ဒီအာရေဗျပါဝင် ပတ်သက်နေသည့် ယီမင်ပြည်တွင်းစစ်ကိုသော် လည်းကောင်း၊ ဆော်ဒီအာရေဗျကို လက်နက်ရောင်းချနေမှုကိုသော်လည်းကောင်း မိမိအနေနှင့် သဘောမတူပါကြောင်း ဆီနိတ်တာက ဆိုသည်။ 

နယူးဂျာစီပြည်နယ်မှ ဒီမိုကရက် တစ်ဦးဖြစ်သူ ဆီနိတ်တာ ဘော့မန်နီဒက်ဇ်ကလည်း လင်ဆေးဂရေဟမ်၏ ထင်မြင်ယူဆချက်ကို လက်ခံသည်။ 

၎င်းက ယင်းကဲ့သို့ ခါရှော့ဂီကို လုပ်ကြံသတ်ဖြတ်မှုမျိုးသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မည်သို့မျှ လက်သင့်ခံနိုင်စရာမရှိ ဟူသောအချက်ကို အမေရိကန်ပြည်ထောင်စုအနေနှင့် ပြတ်ပြတ်သားသား အသိပေးထားသင့်ကြောင်း ပြောကြားသည်။ 

အခြားဆီနိတ်တာတစ်ဦးဖြစ်သူ ဘော့ကော်ကာက “အဲဒီအိမ်ရှေ့မင်းသားက ခါရှော့ဂီလုပ်ကြံမှုကို အမိန့်ပေးခဲ့သလား မပေးခဲ့ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတာ တစ်ခုမှမရှိပါဘူး”ဟု ပြောကြားသည်။ 

“တကယ်လို့ သူသာ တရားသူကြီး ရှေ့မှောက်မှာ ရောက်နေခဲ့မယ်ဆိုရင် နာရီဝက်အတွင်း ဝန်ခံလိမ့်မယ်၊ အပြစ်ရှိပါတယ်ဆိုပြီးတော့”ဟု ၎င်းက မှတ်ချက်ပေး ပြောကြားသည်။ 

ရီပတ်ဘလစ်ကန်ဆီနိတ်တာ ရစ်ချတ်ရှယ်လ်ဘီက“အခုဆိုရင်ပြဿနာက ဘာဖြစ်နေပြီလဲဆိုတော့၊ ဆော်ဒီအိမ်ရှေ့ မင်းသားနဲ့ သူ့ရဲ့အုပ်စုကို အဲဒီနိုင်ငံနဲ့ သီးခြားဖြစ်အောင် ဘယ်လိုခွဲထုတ်မလဲ ဆိုတာပါပဲ”ဟု ပြတ်ပြတ်သားသားပင် ဝေဖန်သည်။ 

ယီမင်နိုင်ငံတွင်း ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များကို ဆက်လက်ထောက်ခံရန် သင့်၊ မသင့် ဟူသောကိစ္စကို အမေရိကန်ဆီးနိတ် လွှတ်တော်တွင် မကြာမီမဲခွဲဆုံးဖြတ်တော့မည်ဖြစ်သည်။ 

F-01