News

POST TYPE

NEWS

သေဆုံးသူ အလှူရှင်ထံမှသားအိမ် ရယူအစားထိုးပြီးနောက် ပထမဆုံးကလေး မွေးဖွားနိုင်ခဲ့
06-Dec-2018
ဆော်ပေါ်လို၊ ဒီဇင်ဘာ ၅

ဘရာဇီးနိုင်ငံတွင် လောလောလတ်လတ် သေဆုံးသူတစ်ဦးထံမှ သားအိမ်ကို ရယူအစားထိုးပြီးနောက် ကျန်းမာသော ကလေးငယ်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

၁၀ နာရီကြာ အစားထိုးကုသမှုနှင့် မျိုးပွားကုသမှုကို ၂၀၁၆ ခုနှစ်က ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတွင် လုပ်ဆောင်ခဲ့ပြီးနောက် သားအိမ်မရှိသော ၃၂ နှစ်အရွယ် မိခင်သည် ကလေးမွေးဖွားနိုင်ခဲ့ပြီဖြစ်သည်။

မိခင်များက သမီးထံ ပေးလှူခြင်းအပါအဝင် သက်ရှိအလှူရှင်၏သားအိမ်ကို ရယူအစားထိုး ကုသမှု ၃၉ ခု ရှိခဲ့ပြီး ကလေး ၁၁ ဦး မွေးဖွားနိုင်ခဲ့သည်ဟု သိရှိရသည်။ 

သို့ရာတွင် ယခင်က သေဆုံးသူ အလှူရှင်ထံမှ သားအိမ်ကို ရယူအစားထိုး ကုသမှု ၁၁ ကြိမ်တွင် ကိုယ်ဝန်ပျက်ကျမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်စဉ်တွင် အစားထိုးသော သားအိမ်ကို ဦးနှောက်တွင်း သွေးယိုစီးကာ သေဆုံးသွားသော ကလေးသုံးယောက်မိခင် အသက် ၄၀ ကျော် အမျိုးသမီးထံမှ ရရှိခြင်းဖြစ်သည်။ သားအိမ်ကို လက်ခံရယူသူမှာ အမျိုးသမီး ၄၅၀၀ တွင် တစ်ဦးခန့်သာ ဖြစ်လေ့ရှိသော မေယာ ရိုကီတန်စကီ ကူစတာ ဟော်ဆာ ဆင်ဒရုန်း ရောဂါ (အမျိုးသမီးအင်္ဂါနှင့် သားအိမ်ဖွဲ့စည်းပုံ မမှန်ကန်ခြင်း) ရှိသူဖြစ်သည်။

သို့ရာတွင် သူမ၏ မျိုးဥအိမ်များမှာ ကောင်းမွန်သောကြောင့် ဆရာဝန်များက မျိုးဥများကို ထုတ်ယူကာ ကလေးအဖေ၏ သုက်ပိုးနှင့် မျိုးစပ်ကာ အေးခဲသိမ်းဆည်းခြင်းကို ပြုလုပ်နိုင်ခဲ့ကြသည်။

ဆရာဝန်များက လူနာအမျိုးသမီးအား အစားထိုးသားအိမ်ကို လက်ခံနိုင်စေရန်အတွက် ကိုယ်ခံအားစနစ်ကို လျှော့ချသည့် ဆေးဝါးများ ပေးခဲ့ကြပြီးမှ အစားထိုးကုသခဲ့ကြသည်။

အစားထိုးကုသပြီး သီတင်းခြောက်ပတ်အကြာတွင် သူမသည် ဓမ္မတာဆင်းမှု စတင်ဖြစ်ပေါ်ခဲ့ပြီး ၇ လအကြာတွင် မျိုးစပ်ထားသောဥများကို ဆရာဝန်များက ထည့်သွင်းပေးခဲ့သည်။ ထို့နောက် ပုံမှန် ကိုယ်ဝန်ဆောင်ကာ ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်တွင် ခြောက်ပေါင်ရှိသော သမီးလေးကို ဗိုက်ခွဲမွေးဖွားနိုင်ခဲ့သည်။

“သက်ရှိအလှူရှင်ဆီက သားအိမ်ကို ပထမဆုံး ရယူအစားထိုး ကုသမှုဟာ ဆေးပညာမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ မျိုးမပွားနိုင်တဲ့ အမျိုးသမီးတွေအတွက် ကလေးမွေးဖွားနိုင်ဖို့ အခွင့်အလမ်းကို ဖန်တီးပေးနိုင်ခဲ့ပါတယ်”ဟု ဆော်ပေါ်လို ဆေးရုံမှ ဒေါက်တာ ဒါနီအက်ဇင်ဘတ်ဂ်က ပြောကြားသည်။

“ဒါပေမဲ့ သက်ရှိအလှူရှင် ရရှိဖို့အတွက် မိသားစုဝင်ဖြစ်ဖို့၊ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ဖို့၊ လိုလိုလားလားရှိဖို့ အစရှိတဲ့ အချက်တွေ လိုအပ်တဲ့အတွက် အကန့်အသတ်ရှိနေပါတယ်”ဟု ၎င်းက ပြောကြားသည်။

လန်ဒန် အင်ပီရီယယ် ဆေးကောလိပ်မှ ဒေါက်တာ ဆတ်ဂျန်ဆာဆိုက “ရလဒ်ကတော့ အလွန်အမင်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လောလောလတ်လတ် သေဆုံးသူထံက သားအိမ်ရယူမှုဟာ အလှူရှင် ပိုများလာမယ့် အလားအလာရှိတဲ့အပြင် စရိတ်လည်းသက်သာမယ်။ သက်ရှိ အလှူရှင်ရဲ့ ခွဲစိတ်မှုအတွင်း ဘေးအန္တရာယ် ဖြစ်နိုင်ခြေတွေကိုလည်း ရှောင်းရှားနိုင်တယ်”ဟု မှတ်ချက်ပေးသည်။ 

F-04



  • VIA