News

POST TYPE

NEWS

လူသားချင်းစာနာမှု ပြဿနာများကို ကိုင်တွယ်ရန် ဒေါ်လာဘီလီယံများစွာ ရရှိရေး ကုလသမဂ္ဂ ကြိုးစား
06-Dec-2018


နယူးယောက်၊ ဒီဇင်ဘာ ၅

ရန်ပုံငွေ ပြတ်လပ်နေသော ကုလသမဂ္ဂအဖွဲ့က ကမ္ဘာတစ်ဝန်းရှိ လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာပေါင်း ၂၀ ကျော်ကို ကိုင်တွယ်နိုင်ရန်အတွက် ဒေါ်လာ ၂၁ ဒသမ ၉ ဘီလီယံရရှိအောင် ကူညီထည့်ဝင်ကြရန် အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါကိန်းဂဏန်းတွင် ဒေါ်လာ၂၅ ဘီလီယံအထိ ကုန်ကျဖွယ်ရှိသည့် ဆီးရီးယားအတွက် ကူညီထောက်ပံ့မှုများ ပါဝင်ခြင်းမရှိပေ။ အကူအညီ လိုအပ်နေသောနိုင်ငံများအနက် ယီမင်သည် အခြားနိုင်ငံများထက် ပိုမိုလိုအပ်နေသည်ဟု သိရှိရသည်။

ကမ္ဘာတွင် လူ ၇၀ လျှင် တစ်ဦးမှာ ထိုပြဿနာ၏တိုက်ရိုက်သက်ရောက်မှုကို ခံနေရသည်ဟု ကုလသမဂ္ဂက ဆိုသည်။ ကယ်ဆယ်ထောက်ပံ့ရေး စီမံကိန်းများသည် လူပေါင်း သန်းကိုးဆယ်ကျော်ကို ကူညီနိုင်ရန် မျှော်မှန်းထားကြပြီး ယီမင်ကဲ့သို့ နိုင်ငံများသည် အခြားနိုင်ငံများထက် အကူအညီ ပိုမိုလိုအပ်နေသည်။

“၂၀၁၉ မှာ အကြီးဆုံးပြဿနာတွေ ရှိနေတဲ့နိုင်ငံဟာ ယီမင်ဖြစ်ပါလိမ့်မယ်”ဟု ကုလကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ မတ်ခ်လိုးကော့ခ်က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယီမင်သည် လစဉ် စားနပ်ရိက္ခာ လိုအပ်သူ ရှစ်သန်းရှိနေပြီး ထိုအရေအတွက်သည် လာမည့်နှစ်တွင် ၁၂ သန်းအထိ ရှိလာမည်ဟု ၎င်းက ပြောကြားသည်။

ကယ်ဆယ်ရေး ရန်ပုံငွေများ သိသိသာသာ တိုးလာသည့်ကြားမှပင် လူသားချင်းစာနာမှုပြဿနာသည် ပြီးခဲ့သော ဆယ်နှစ်အတွင်း ပိုမိုကြီးထွားလာခဲ့သည်ဟု ကုလလူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး OCHA ၏ အင်္ဂါနေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၇ အထိ လူသားချင်းစာနာမှု ပြဿနာတွင် ကုလသမဂ္ဂ ပါဝင်ပတ်သက်မှု ကာလသည် ၄ နှစ်မှ ၇ နှစ်အထိ မြင့်တက်လာခဲ့ပြီး နိုင်ငံတကာအကူအညီကို လက်ခံရယူနေသော ပြဿနာအရေအတွက်သည် ၁၆ ခုမှ ၂၀ သို့ နှစ်ဆတိုးလာခဲ့သည်။

ယင်းကိန်းဂဏန်းများက လက်ရှိစနစ်သည် ယခင်ကထက် ပိုမိုထိရောက်မှု ရှိလာခြင်းကို ပြသနေပြီး ယခုနှစ် ကယ်ဆယ်ရေးရန်ပုံငွေ စုဆောင်းမှုတွင် စံချိန်တင်ရရှိခဲ့သည်ဟု မတ်ခ်လိုးကော့ခ်က ဆိုသည်။

“ကွဲပြားခြားနားတဲ့အုပ်စုတွေရဲ့ သီးခြားလိုအပ်ချက်တွေနဲ့ ဘေးသင့်နိုင်ခြေတွေကို ပိုင်းခြားစိစစ်ရာမှာ ကျွန်တော်တို့ ပိုကောင်းလာတယ်။ ပြီးတော့ ဘေးအန္တရာယ်ကြုံတဲ့အချိန်မှာ တုံ့ပြန်ဆောင်ရွက်မှုကလည်း ပိုမြန်လာတယ်။ တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်တွေကလည်း ပိုမိုကျယ်ပြန့်ပြီး အားလုံးပါဝင်မှုရှိလာတဲ့အပြင် တီထွင်ဆန်းသစ်မှုနဲ့ ဦးစားပေးသတ်မှတ်မှုတွေ ရှိလာတယ်”ဟု မတ်ခ်လိုးကော့ခ်က ပြောကြားသည်။  

 F-04


  • VIA