News

POST TYPE

NEWS

မန္တလေးစက်မှုဇုန်ရှိ မြေကွက်အချို့ အရောင်းအဝယ်ဖြစ်
04-Dec-2018

မန္တလေး၊ ဒီဇင်ဘာ ၃

မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုရက်ပိုင်း၌ မန္တလေးစက်မှုဇုန်ဝန်းကျင်ရှိ ကျပ်သိန်း ၁၀၀၀ ဝန်းကျင် မြေကွက်အချို့ အရောင်းအဝယ်ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ သိရသည်။

စက်မှုဇုန်ရှိ မြေကွက်ဝယ်ယူသူများသည် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေလိုအပ်၍ ဝယ်ယူသူ၊ မိမိနေထိုင်သည့် ငွေကြေးတန်ဖိုးမြင့်မားသော မြေနေရာကိုရောင်းချ၍ တန်ဖိုးသင့်လျော်သောမြေနေရာကို ပြန်လည်ဝယ်ယူနေထိုင်သူများနှင့် နယ်ဒေသများက လာရောက်ဝယ်ယူသူများဖြစ်ပြီး ပေ ၄၀၊ ပေ ၆၀ မြေကွက် နှစ်ကွက်တွဲများကို အများစုက ဝယ်ယူကြကြောင်း ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမျိုးမြင့်အောင်က ပြောကြားသည်။

“နေမယ့်သူ ဝယ်တာများတယ်။ ဝယ်ရောင်းသမားကတော့ ဒီရက်ပိုင်း လာဝယ်တာ မရှိပါဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါမြေကွက်အချို့ အရောင်းအဝယ် ဖြစ်နေသော်လည်း မြို့တွင်း၊ မြို့ပြင် နှစ်နေရာစလုံးရှိ သိန်းထောင်ချီတန်ကြေး ရှိသောမြေကွက်များမှာ အရောင်းအဝယ် အလွန်နည်းပါးကြောင်း ၎င်းက ပြောကြားသည်။

မန္တလေးစက်မှုဇုန်အတွင်း ငွေကျပ် သိန်း ၅၀၀ မှ သိန်းတစ်ထောင်ကြား တန်ဖိုးရှိသော မြေကွက်များရှိသည့် အကွက်အမှတ် လလ၊ ပပ၊ နန တို့တွင် အရောင်းအဝယ် အနည်းငယ်ဖြစ်လာကြောင်း အကျိုးဆောင် အချို့ထံမှ သိရသည်။

စက်မှုဇုန်သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် တည်ရှိပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်း၌ လယ်မြေများကို မြို့မြေကွက်များအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

M-08