News

POST TYPE

NEWS

ရှမ်းရိုးရာ နှစ်သစ်ကူးပွဲ လှေလှော်ပြိုင်ပွဲ ထည့်သွင်း
04-Dec-2018


ကလေး၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတွင် လှေလှော်ပြိုင်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ခန္တီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ စိုင်းဝင်းထွဋ်က ပြောသည်။

လှေလှော်ပြိုင်ပွဲကို ရှမ်းနီရိုးရာနှစ်ကူးပွဲ တိုင်းအဆင့် ကျင်းပမည့် ခန္တီးမြို့အနီး ချင်းတွင်းမြစ်အတွင်း မီတာ ၂၀၀ အကွာအဝေးကို လှော်ခတ်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ လှေပြိုင်ပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ ၃ ရက်အကြာ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့အထိ လှေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပေးထားသည့်စာရင်းအရ ၈ သင်းရှိပြီဖြစ်ပြီး ထပ်မံ ယှဉ်ပြိုင်လိုသည့် အသင်းများအနေနှင့် ဒီဇင်ဘာလ ၄ ရက်နေ့အထိ လျှောက်ထားခွင့်ပြုထားသည်။

လှေပြိုင်ပွဲကို ခန္တီးမြို့ အပါအဝင် ဟုမ္မလင်းမြို့နှင့် တမူးမြို့တို့မှလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ခန္တီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းကော်မတီထံမှ သိရသည်။

“အရင်ကတော့ ချင်းတွင်းမြစ်အတွင်းမှာ လှေနဲ့ပဲ ကူးလူးဆက်ဆံသွားလာခဲ့ကြတယ်။ ရိုးရာအမွေအနှစ်ကို ပြန်ပြီးထိန်းသိမ်းချင်တဲ့သဘောနဲ့ လှေပြိုင်ပွဲကို ထည့်သွင်းကျင်းပတာ”ဟု စိုင်းဝင်းထွဋ်က ပြောသည်။

တိုင်းအဆင့် ရှမ်းတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတွင် လူဦးရေ ၇ ဦးဖြင့် လှော်ခတ်ကြသည့် လှေပြိုင်ပွဲ အပါအဝင် ရေချောတိုင်ဟုခေါ်သည့် ဝါးကိုရေအတွင်း ချထားပြီး ဝါးထိပ်ရှိ ပန်းတိုင်ကိုသွားရောက်ဆွတ်ခူးရသည့် ရေချောတိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ လွန်ဆွဲပွဲများကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ စစ်ကိုင်းတိုင်းအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်၊ တမူး၊ ပင်လည်ဘူး၊ ဗန်းမောက် စသည့် မြို့နယ်များတွင် နေထိုင်သည့် ရှမ်းနီတိုင်းရင်းသားများ၊ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသားများ စုပေါင်းပြီး နှစ်စဉ်မြို့နယ်များ အလှည့်ကျကျင်းပခဲ့ရာ ၂၀၁၇ ခုနှစ်အတွင်းက တမူးမြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ခန္တီးမြို့၌ ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်၍ ၃ ရက်အကြာ ကျင်းပမည်ဖြစ်သည်။

R-20