News

POST TYPE

NEWS

ရည်းစားအား ဓားဖြင့်ထိုးသတ်သည့် တက္ကသိုလ်ကျောင်းသားကို ထောင်ဒဏ် နှစ် ၂၀ အမိန့်ချ
04-Dec-2018
ထားဝယ်၊ ဒီဇင်ဘာ ၃

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် ရည်းစားဖြစ်သူအား ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် နိုဝင်ဘာလ ၃၀ ရက်က အမိန့်ချခဲ့ကြောင်း ထားဝယ်ခရိုင် တရားရုံးထံမှ သိရသည်။

ယင်းအမှုမှာ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ကျွန်းမွှေးလမ်းရှိ နေအိမ်တွင် ယခုနှစ် ဇန်နဝါရီလက အိမ်ပေါ်တက်ကာ ရည်းစားဖြစ်သူ မိန်းကလေးကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည့် အမှုဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ မိန်းကလေးကို အသက် ၁၉ နှစ်အရွယ်ရှိ ရည်းစားဖြစ်သူ ရဲပိုင်ဦး (ခ) ရဲရဲက သတ်ခဲ့ခြင်းဖြစ်သည်။

ရဲပိုင်ဦး (ခ) ရဲရဲမှာ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ထားဝယ်တက္ကသိုလ်တွင် သင်္ချာဘာသာ တတိယနှစ် တက်ရောက်သင်ကြားနေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

“ပြစ်မှုထင်ရှားတဲ့အတွက် အမိန့်ချလိုက်တာ”ဟု ထားဝယ်ခရိုင် တရားသူကြီးက ပြောသည်။

အဆိုပါအမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၂ (၂) အရ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ရည်းစားဖြစ်သူ မိန်းကလေးအား သတ်သွားသည့် အဆိုပါ အမျိုးသားကို အခင်းဖြစ်ပွားပြီး အချိန် ၂ နာရီခန့်အတွင်း ဖမ်းဆီးရမိပြီး ဖေဖော်ဝါရီလတွင် စတင် တရားစွဲတင်ခဲ့သည်။

သေဆုံးသည့် မိန်းကလေးသည် နောက်ကျောတွင် ထိုးသွင်းဓားဒဏ်ရာ၊ လက်ကောက်ဝတ် သွေးလွှတ်ကြောကို ဓားဖြင့်ဖြတ်ထားသည့် ဒဏ်ရာ အစရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

Dawei Watch