News

POST TYPE

NEWS

ကြူကုတ် (ပန်ဆိုင်း) တွင် ပစ်ခတ်မှုကြောင့် ပြည်သူ့စစ် ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာရ
04-Dec-2018

မူဆယ်၊ ဒီဇင်ဘာ ၃

တရုတ်-မြန်မာနယ်စပ် ကြူကုတ် ပန်ဆိုင်းနယ်မြေ ဟိုနောင်ဂိတ်တွင် ဒီဇင်ဘာ ၂ ရက်နေ့ညက နမ့်ခမ်းမြို့မ ပြည်သူ့စစ်ကင်းစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်တိုက်ခိုက်ခဲ့ရာ နမ့်ခမ်းမြို့မပြည်သူ့စစ် အဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ထံမှသိရသည်။

“ထိတွေ့မှု ၂ ကြိမ်ဖြစ်တာ။ ပထမအကြိမ်က ည ၈ နာရီခွဲကနေ ၉ နာရီထိ တစ်ကြိမ်နဲ့ နောက်တစ်ကြိမ်က ၉ နာရီ ၂၀ ကနေ ၁၀ နာရီ ၁၅ မိနစ် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပါတယ်။ နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့က ၃ ဦး ကျဆုံးခဲ့ပြီး ၃ ဦးက ဒဏ်ရာရခဲ့တာ ဖြစ်တယ်”ဟု နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ) တာဝန်ခံအရာရှိတစ်ဦးက ပြောဆိုသည်။

ကြူကုတ်(ပန်ဆိုင်း) ကျင်စန်းကျော့တွင် တိုင်းရင်းသားလက်နက်ကိုင်များ သွားလာလှုပ်ရှားမှုများရှိနေပြီး လတ်တလောတွင် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးမှ ကြူကုတ်(ပန်ဆိုင်း) ကျင်စန်းကျော့အထိ လုံခြုံရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းခြင်းများ ပြုလုပ်လျက်ရှိရာ မြန်မာဘက်က အသွားအလာပိတ်ဆို့ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

နယ်စပ်ဒေသတွင် လက်နက်ကိုင် အဖွဲ့မျိုးစုံ သွားလာလှုပ်ရှားနေသည့်အတွက် မည်သည့်အဖွဲ့က လာရောက် ပစ်ခတ်သည်ကို ပြောဆိုရန်ခက်ခဲကြောင်း မူဆယ်မြို့ရှိ နမ့်ခမ်းမြို့မပြည်သူ့စစ်ရုံးမှ ဦးဆန်းထွန်းက ပြောဆိုသည်။

“အဝင်အထွက် အဆင်မပြေတာလား၊ ကားအဝင်အထွက်တွေကို ဆက်ကြေးကောက်ခံနေတာတွေကြောင့်လားဆိုတာ အတိအကျ ပြောဆိုဖို့ခက်ပါတယ်”ဟု ဦးဆန်းထွန်းက ပြောဆိုသည်။

R-07