News

POST TYPE

NEWS

စက်သုံးဆီဈေး ဆက်ကျ၊ ထပ်ကျနိုင်ဟု လုပ်ငန်းရှင်များဆို
04-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၃

ဆက်တိုက်ပြန်ကျလာသော စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် ဆက်လက်ကျဆင်းပြီး ထပ်ကျလာနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များကဆိုသည်။

စက်သုံးဆီဈေးသည် ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်ကထက် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၅ ကျပ်၊ ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၁၅ ကျပ်စီ ကျဆင်းကြောင်း၊ ထို့ပြင်ပြည်ပ စက်သုံးဆီ ဈေးနှုန်းများသည်လည်း ပြီးခဲ့သည့်ရက်ပိုင်းကထက် အမေရိကန်ဒေါ်လာ ၁ မှ ၂ ဒေါ်လာအထိ ထပ်မံ ကျဆင်းကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီဈေးသည် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းက အောက်တိန်းတစ်လီတာလျှင် ၂၅ ကျပ်မှ ၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃၀ ကျပ်ခန့်ကျဆင်းနေရာ မှ ယခုအခါအထက်ပိုင်းဈေးနှုန်းများသို့ ဆက်လက်ကျဆင်းလာခြင်းဖြစ်သည်။

ဒီဇယ်ဈေးနှုန်းများသည် အောက်တိန်းဆီများ ကျဆင်းခဲ့စဉ်က မကျခဲ့ဘဲ ယခုနောက်ပိုင်းမှသာ ဆက်တိုက်ကျဆင်းလာခဲ့ခြင်းဖြစ်သည့်အတွက် အောက်တိန်းဆီဈေးထက် ဆက်လက် ကျဆင်းနိုင်ခြေပိုများကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ဆိုသည်။

ထို့ပြင် ယခုနောက်ပိုင်း အမေရိကန် ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများ ထပ်မံ ကျဆင်းလာနိုင်ကြောင်း ၎င်းတို့ကဆိုသည်။

လက်ရှိ စက်သုံးဆီဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင် ၁၀၀၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၁၀၁၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၅၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၂၀ ကျပ်ဈေးရှိပြီး ပြည်ပဈေးမှာ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၉ ကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၆၀ ကျော်၊ ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၂ ကျော်နှင့် အဆင့်မြင့်ဒီဇယ်တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၇၂ ကျော်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04