News

POST TYPE

NEWS

မိုးထိမိုးမိ ရွှေလုပ်ကွက်တွင် ရွှေဆက်ရှာခွင့်ရရန် သတင်းစာ ရှင်းလင်းပွဲလုပ်၍တောင်းဆို
02-Dec-2018


ရန်ကုန်၊ ဒီဇင်ဘာ ၂

တစ်နှစ်ကျော်ကြာ လုပ်ငန်းရပ်ဆိုင်းခံထားရသော မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေလုပ်ကွက် (A)ကို စာချုပ်အသစ်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဒီဇင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်း ပွဲလုပ်၍တောင်းဆိုသည်။

မိုးထိမိုးမိ ရွှေလုပ်ကွက် (A)ကို ပြန်လည် ထိန်းသိမ်းလုပ်ကိုင်ခွင့်ရရန် ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှုအုပ်စုလီမိတက်ရုံးတွင် ယင်းကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး၊ ဥပဒေအကြံပေး ဦးသိန်းသန်းဦးတို့က ဦးဆောင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ မတ်လ ၃၁ ရက်က ချုပ်ထားတဲ့စာချုပ်အရ ရွှေစင်ပိသာ ၁၀၁ ဒသမ ၀၇၆၅ သာ ပေးဖို့ဌာနနဲ့ နှစ်ဦးသဘောတူ စာချုပ်ချုပ်ပြီးသားပါ။ ဒါပေမဲ့ နိုင်ငံတော်က ရွှေစင်ပိသာ ၁၂၀၀ ကျော်ပေးဖို့ တာဝန်ရှိတယ်ဆိုလည်း ဆက်ပေးသွားဖို့ အသင့်ရှိနေပါတယ်”ဟု ယင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးက ဆိုသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် အမှတ် (၂) သတ္ထုတွင်းလုပ်ငန်းတို့ သဘောတူ လက်မှတ်ထိုးထားသည်မှာ ရွှေစင်ပိဿာချိန် ၁၀၁ ဒသမ ၀၇၆၅ သာပေးရန်ရှိသော်လည်း ယင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပိဿာချိန် ၁၂၀၀ ပေးရန်ကျန်ကြောင်း တာဝန်ချိန်မဟုတ်ဘဲ မီဒီယာများသို့ ပြောကြားမှုသည် ဂုဏ်သိက္ခာကိုထိခိုက်ပြီး အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေခဲ့ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲထံမှသိရသည်။

ကုမ္ပဏီဥပဒေအကြံပေးရှေ့နေ ဦးသိန်းသန်းဦးက “လေလံမှာ ၃၈ ဂရမ်လို့ပြောပေမယ့် တစ်ကယ်ရတော့ ၉ ဂရမ်ပဲ ဖြစ်နေတော့ ဌာနနဲ့ ကုမ္ပဏီကြားမှာ ချုပ်ထားတဲ့စာချုပ်အရ အငြင်းပွားဖွယ်ဖြစ်ရင် ခုံသမာဓိနဲ့ ဆောင်ရွက်ရမယ်ဆိုတဲ့အချက် ပါဝင်ပေမယ့် ဌာနဘက်က ဒီအတိုင်းမဆောင်ရွက်ခဲ့တာ တွေ့ရတယ်။ ဒီဖြစ်စဉ်တွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဂတိလိုက်စားမှုကော်မတီကို စစ်ဆေးပေးဖို့အတွက် တိုင်စာပို့ထားပါတယ်”ဟုဆိုသည်။

ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေလုပ်ကွက် (A)ကို လုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်စဉ်အတွင်း သတ္တူတွင်းဌာနမှ လုပ်ကွက်၏ ရွှေပါဝင်မှုနှုန်းမှာ (၃၈.၀၆ ဂရမ်)နှင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်တွေ့တူးဖော်ရာတွင် ရွှေပါဝင်မှုနှုန်းမှာ( ၉ ဂရမ်သာ)သာ ပါဝင်သဖြင့် ကုန်ပစ္စည်းရောင်းဝယ်ရေး ဥပဒေအရ လေလံပါဖော်ပြချက်အရ မှန်ကန်မှုမရှိခဲ့ကြောင်း ယင်းသတင်စာရှင်းလင်းပွဲထံမှသိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ဒီမိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်ကို ၂၀၁၁ ခုနှစ်ကတည်းမှစ၍ ၂၅နှစ် လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

J-14