News

POST TYPE

NEWS

ဟင်္သာတ ခရီးသည်တင်ယာဉ်လိုင်းများကို ပထမဆုံးအကြိမ် စစ်ဆေးမည်
29-Nov-2018
ဟင်္သာတ၊ နိုဝင်ဘာ ၂၈

ဟင်္သာတမြို့ အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းများကို သတ်မှတ်စည်းကမ်းနှင့် ညီ မညီ ပထမဆုံးအကြိမ် စစ်ဆေးမည်ဖြစ်ကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

“ကားတွေ စည်းကမ်းပျက်တာ များနေတယ်။ မြို့ပေါ်မှာလည်း လမ်းတွေပိတ်တယ်။ ဂိတ်တွေကလည်း နေရာ မှန် မမှန် စစ်ဖို့လိုတယ်။ တာဝန်ယူထားပြီးပြီဆိုတော့ အမုန်းခံရမယ်”ဟု ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးစံဌေးက ပြောကြားသည်။

ဟင်္သာတမြို့ပေါ်တွင် ကိုယ်ပိုင် မော်တော်ယာဉ်များက ခရီးသည် တရားမဝင် ပြေးဆွဲမှုနှုန်း မြင့်တက်လာနေခြင်းကြောင့် တရားဝင် လုပ်ငန်းရှင်များ ထိခိုက်နစ်နာသဖြင့် စည်းကမ်းမဲ့ ပြေးဆွဲနေမှုများကို အရေးယူနိုင်ရန် ရန်ကုန် ဝင်ပေါက်၊ ပုသိမ်ဝင်ပေါက်၊ ပြည်ဝင်ပေါက်များကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ရာ ခရီးသည်တင်ယာဉ်လိုင်းများတွင် ဂိတ်စည်းကမ်းနှင့် ညီ မညီ၊ အသင်းဝင်ထားခြင်း ရှိ မရှိ၊ ဂိတ်တည်နေရာ မှန် မမှန်၊ ခွင့်ပြုထားသည့် ယာဉ်စီးရေ မှန် မမှန် စစ်ဆေးပြီးနောက် ဥပဒေ၊ နည်း ဥပဒေများအတိုင်း အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဟင်္သာတမြို့နယ် ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အဖွဲ့ဝင် ၁၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် မြို့ပေါ်ရှိ ခရီးသည်တင် ယာဉ်လိုင်းဂိတ်များနှင့်ပတ်သက်၍ ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးမှာဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

R-13