News

POST TYPE

NEWS

ဆော့လော်မြို့နယ်တွင် သောက်သုံးရေ ခက်ခဲ
29-Nov-2018
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၈

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအုပ်စု ဖီတားဆင်ကျေးရွာတွင် ဒေသခံများ သောက်သုံးရေ ရရှိဖို့ရန်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ယင်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ပြောကြားသည်။

အဆိုပါ ကျေးရွာနေဒေသခံများအနေနှင့် သောက်သုံးရေရရှိရန် နှစ်စဉ် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရမှုကြောင့် ယင်းဒေသခံများအတွက် သောက်သုံး ရေရရှိရေး ဆောင်ရွက်ပေးရန် နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူး အစည်းအဝေးပထမနေ့၌ တင်ပြခဲ့ကြောင်း ၎င်းကပြောသည်။

“ရေအခက်အခဲရှိတာကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းကပါ။ အခုအချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ဒီဒေသန္တရ ဖွံ့ဖြိုးရေးကို အဓိကလုပ်နေတာဖြစ်တဲ့အတွက် လွှတ်တော်မှာ တောင်းဆိုရတာပေါ့။ ဒါပေမဲ့ အစ်မရဲ့ မျှော်လင့်ထားတာကတော့ သောက်သုံးရေအတွက်ကတော့ ကျေးလက်က ဖွံ့ဖြိုးရေး လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ပြည်ထောင်စုအထိ တောင်းမှပဲ ရေရမယ်ဆို ဒေသခံအတွက် တော်တော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်။ ပြည်နယ် အစိုးရကနေပြီး စီမံခန့်ခွဲပြီး လုပ်ပေးရင်တော့ ကောင်းမယ်လို့ မျှော်လင့်တယ်”ဟု ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက The Voice သို့ ပြောဆိုသည်။

အဆိုပါဒေသတွင် တောင်ကျရေများ ပေါများနေသော်လည်း တောင်ကျရေများကြီး၍ ရေဘေးဒုက္ခ မကြာခဏ ကြုံတွေ့နေရသဖြင့် ရေနှင့်ဝေးသည့် တောင်ပေါ်ဒေသများသို့ နေထိုင်ရသည့်အတွက် သောက်သုံးရေရရှိရန် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဒေါ်ခေါ်မာဝူ၏ မေးမြန်းမှုကို ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကျွမ်းကျင်ပညာရှင်များဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကုန်ကျစရိတ် အသေးစိတ် တွက်ချက်စေကာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေတွင် လျာထားတင်ပြပြီး စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ဖြေကြားခဲ့သည်။

အဆိုပါ ဖီတားဆင်ကျေးရွာတွင် လူနေအိမ်ခြေ ၂၀ ကျော်ရှိပြီး ကျေးရွာနှင့် သောက်သုံးရေ ခပ်ယူသည့်နေရာသည် တစ်မိုင်ကျော်ခန့် ဝေးကွာကြောင်းနှင့် ယင်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သည်။

ကချင်ပြည်နယ် နယ်စပ်တောင်ပေါ် ဒေသများရှိ ကျေးရွာအချို့တွင် ဒေသခံများအနေနှင့် သောက်သုံးရေရရှိရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

R-06