News

POST TYPE

NEWS

အမျိုးသမီးထုကို ကာကွယ်ခြင်းသည် တိုင်းပြည်ကိုကာကွယ်ပေးခြင်းဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြော
28-Nov-2018


မန္တလေး၊ နိုဝင်ဘာ ၂၈

အမျိုးသမီးများကို ကာကွယ်ပေးခြင်းသည် တိုင်းပြည်ကို ကာကွယ်ပေးခြင်းပင်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အမျိုးသားများအနေနှင့် အမျိုးသမီးများအပေါ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများရှိနေရာ အမျိုးသားဦးရေထက် လူဦးရေ ပိုမိုများသော မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုမပြုဘဲ တန်းတူ အခွင့်အရေးပေးရမည်ဖြစ်ကြောင်း၊ ထိလွယ်ရှလွယ်သူများဖြစ်သည့် အမျိုးသမီးနှင့်ကလေးများကို အကာကွယ်ပေးခြင်းသည် တိုင်းပြည်ကို အကာအကွယ်ပေးခြင်းပင်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဒီအသိရှိလာပြီဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး ဒါတွေ ဆောင်ရွက်လို့ရပြီ”ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောကြားသည်။

မန္တလေးမြို့ရှိ မနော်ရမ္မံလူထုဟစ်တိုင်ကွင်း၌ ယနေ့(နိုဝင်ဘာလ ၂၈ ရက်)ကပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသမီး အခွင့်အရေး ဆုံးရှုံးခြင်းဟာ လူ့အခွင့်အရေး ဆုံးရှုံးခြင်းဖြစ်တာကြောင့် အမျိုးသမီး စွမ်းဆောင်ရည်အားဟာ ကျွန်တော်တို့ရဲ့အား၊ နိုင်ငံတော်ရဲ့ အနာဂတ်အင်အားဖြစ်ပါတယ်။ ဒါေ့ကြာင့် အကြမ်းဖက်မှုတွေကင်းဝေးပြီး တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာဖို့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်”ဟု မန္တလေးတိုင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဖြည့်စွက်ပြောဆိုသည်။

ကျားမတန်းတူညီမျှအခွင့်အရေး ကွာဟမှုများပါက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသောကြောင့် ကွာဟမှုနည်းစေရန် ထိန်းညှိဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

မနော်ရမ္မံလူထုဟစ်တိုင်ကွင်း၌ပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို မန္တလေး တိုင်းအစိုးရအဖွဲ့က ဦးဆောင်ကာ အရပ်ဘက် အဖွဲ့အစည်းများ၊ NGO နှင့် INGO တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

M-07