News

POST TYPE

NEWS

တိုက်ကြီးတွင် လူသတ်မှုဖြစ်
26-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ မီးသွေးကုန်းကျေးရွာတွင် လူငယ်အမျိုးသားတစ်ဦး တုတ်ဖြင့် ရိုက်နှက်ခံရသည့် ဒဏ်ရာကြောင့် သေဆုံးခဲ့သဖြင့် ပြစ်မှုကျူးလွန်သူဟုဆိုသူ အသက် ၅၄ နှစ် အမျိုးသားကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှုပုဒ်မဖြင့် ဖမ်းဆီးအရေးယူခံရသူ ဦးမောင်ထွန်းမှာ မီးသွေးကုန်း ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာ လ ၂၄ ရက် ညသန်းခေါင်အချိန်က ၎င်းနေအိမ်သို့ ရောက်ရှိလာသည့် တစ်ရွာတည်းနေ အသက် ၂၁ နှစ် စိုးသူရနှင့် စကားများ ရန်ဖြစ်ရာမှ ၎င်းက တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“လူသတ်မှုနဲ့ ဖမ်းဆီးထားသူက သူ့နေအိမ်မှာ ကြက်တွေ၊ ဝက်တွေ၊ ဘဲတွေ မွေးထားတယ်။ အခင်းဖြစ်ညက သေဆုံးသူက ထမင်းချက်စားကြမလို့ထင်တယ်၊ ကြက်လာဝယ်တာ။ အချိန်မတော် အိမ်တံခါးကို တဒုန်းဒုန်းနဲ့ထုပြီး အိမ်ရှင်ကို အော်နှိုးရာက သူတို့နှစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြပြီး အိမ်ရှင်အမျိုးသားက ဝါး တုတ်နဲ့ သေဆုံးသူကို ရိုက်နှက်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် နားနှင့် နှာခေါင်းတွင် သွေးထွက်ဒဏ်ရာများ ရရှိခဲ့သူ စိုးသူရကို ၎င်း၏သူငယ်ချင်းက နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသစဉ် ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် သေဆုံးခဲ့သောကြောင့် ဦးမောင်ထွန်းကို ၎င်း၏နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ပြီး တိုက်ကြီးမြို့မ ရဲစခန်းက လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03