News

POST TYPE

NEWS

တိုက်ကြီးတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် အိမ်ရာဆောက်လုပ်ရန်ပြင်
26-Nov-2018

တိုက်ကြီး၊ နိုဝင်ဘာ ၂၅ 


နိုင်ငံရေးအကျဉ်းသား နေထိုင်နိုင်မည့်အိမ်ရာများကို တိုက်ကြီးမြို့နယ် အုန်းနှဲပင်ကျေးရွာအုပ်စုတွင် ဆောက်လုပ်မည်ဖြစ်ရာ နိုဝင်ဘာ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်က အဆိုပါမြေနေရာတွင် ပန္နက်ရိုက် အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ အိမ်ရာများတည်ဆောက်ခြင်းနှင့်ပတ်သက်၍ နိုင်ကျဉ်းတို့၏နားခိုရာ ဖြစ်မြောက်ရေး ကော်မတီနာယက တစ်ဦးဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော်တို့ ငယ်ငယ်တုန်းကစကားတစ်ခု အမှတ်ရမိတယ်။ အမေကမွေး ထောင်ကကျွေးဆိုတဲ့ခေတ် မဟုတ်တော့ပါဘူး။ အခု အမေကမွေးပေမယ့် နိုင်ကျဉ်းတွေစည်းရုံးမှုကြောင့် ကွန်းခိုရာနေရာ ရလာပါပြီ။ ကျွန်တော်တို့ တတ်နိုင်တဲ့ချွေးနှဲစာလေးနဲ့ အခုလို ကွန်းခိုရာလေးတစ်ခု တည်ထောင်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအရပ်ရပ်မှ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ခန့် တတ်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် အိမ်ရာများဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့အနေနဲ့ အတိတ်ကိုမေ့ထားပြီး ရှေ့ကို ဆက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကိုပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲဘော်တွေအတော် ဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီအတွက်လည်း စိတ်ပင်ပန်းရပါတယ်။ မရှိတဲ့ကြားထဲကနေပြီးတော့ အခုလို ကြိုးပမ်းခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီ့အတွက်လည်း ကျွန်တော်တို့ တတ်နိုင်တဲ့၊ လုပ်ပေးနိုင်တဲ့ မူဘောင်တွေဘက်ကနေ ကူညီပေးဖို့ရှိပါတယ်”ဟု ပြောဆိုခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများနားခိုရာသည် ဝန်ထမ်းတက္ကသိုလ်ရှိရာ ဖောင်ကြီးကျေးရွာနှင့် တစ်ဆက်တည်းရှိနေပြီး ဆက်သွားမည်ဆိုပါက ဘုရားကြီးကျေးရွာသို့ ရောက်မည်ဖြစ်ရာ ပဲခူးရိုးမကိုထိန်းချုပ်ထားနိုင်ရန် အရေးကြီးသည့် အချက်အချာကျသော မဟာဗျူဟာလမ်းမကြီးတစ်ခုဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။

“ဒီမှာ နိုင်ကျဉ်းတွေနားခိုရာနေရာ ဖော်မယ်ဆိုတဲ့စိတ်ကူးဟာ ကောင်းမွန်တဲ့စိတ်ကူးဖြစ်ပါတယ်။ ဒီနေရာမှာ ဘဝအမော ဖြေနိုင်လောက်တဲ့ အခြေအနေတစ်ခုကို ပေးနိုင်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ ခွန်အားတွေနဲ့ စုစည်းပြီး ဒီနေရာမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်လိုက်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထပ်မံ ပြောဆိုသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားများ နေထိုင်နိုင်မည့်မြေ သုံးဧကသည် ပြည်ထဲရေး အမည်ပေါက်ရရှိထားပြီဖြစ်ရာ စီးပွားရေးအင်အား တောင့်တင်းသူများ၏ ထောက်ပံ့မှုဖြင့် အိမ်ရာဆောက်လုပ်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ၂၅ ရက်နေ့တွင်လည်း ၎င်းတို့ထံမှ ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကျော်ရရှိထားကြောင်း နိုင်ကျဉ်းများအတွက် အိမ်ရာတည်ဆောက်ရေးပိုင်းကို တာဝန်ယူထားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကိုကိုအောင်က ပြောသည်။

“အခုက နိုင်ကျဉ်းတွေအတွက် အိမ်ဆောက်ဖို့ ပန္နက်ရိုက်တဲ့အဆင့်ပါ။ မရှိဆင်းရဲတဲ့နိုင်ကျဉ်းတွေအတွက် တည်ဆောက်ပေးမှာပါ။ အိမ်တွေဆောက်ဖို့ အစီအစဉ်တွေ ဆွဲနေပြီဆိုပေမယ့် ဘယ်နေ့စလုပ်မယ်ဆိုတာက ကော်မတီတွေ အစည်းအဝေး ဆုံးဖြတ်ချက်ချပြီးမှ ပြောလို့ရမှာ”ဟု ၎င်းကရှင်းပြသည်။

နိုင်ကျဉ်းတို့၏ နားခိုရာတည်ဆောက်ရေး နာယကများအဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တာဝန်ယူထားသည်။ 

R-19