News

POST TYPE

NEWS

မန္တလေးတွင် ပျော်ပွဲစားကြေးတောင်းသူများက ဝိုင်းဝန်းထိုးကြိတ်
24-Nov-2018

မန္တလေး၊ နိုဝင်ဘာလ ၂၄

မန္တလေးမြို့၌ လူငယ်တစ်စုက တန်ဆောင်တိုင်ပွဲတော် ပျော်ပွဲစားကြေးတောင်းရာမှ မပေးနိုင်ကြောင်းပြောဆိုသူ အမျိုးသားနှစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်သည့်ဖြစ်စဉ် နိုဝင်ဘာလ ၂၂ ရက်(တန်ဆောင်မုန်း လပြည်နေ့) ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြရည်နန္ဒာရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားနှစ်ဦးသည် အုန်းချောကျေးရွာဘက်မှ ချမ်းမြသာစည်မြို့နယ်အတွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်လာစဉ် မန္တလေးမြို့သစ် ၄၈ လမ်းရှိ ပိတောက်လမ်းအရောက်တွင် လူငယ်အမျိုးသားငါးဦးတို့က လမ်းပိတ်ကာ တန်ဆောင်တိုင်ပျော်ပွဲစားကြေး တောင်းခဲ့ရာမှ ပိုက်ဆံမပေးသောကြောင့် ယခုကဲ့သို့ ဝိုင်းဝန်းထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

“ဒီပျော်ပွဲစားကြေး တောင်းတယ်ဆိုတာက ပျော်ဖို့ပါးဖို့စရိတ်ရှာတဲ့အနေနဲ့ လူငယ်တွေ အလှူခံကြတာ။ ဘယ်ကစခဲ့မှန်းတော့ မသိဘူး။ ဒါပေမဲ့ အိမ်ရှေ့မှာ ယဉ်ယဉ်ကျေးကျေးနဲ့ လာတောင်းရင် အဆင်ပြေပေမယ့် နောက်ပိုင်းမှာ လမ်းကိုကြိုးနဲ့တား၊ ဝါးလုံးနဲ့တားပြီး ပိုက်ဆံတောင်းနေတာ။ တော်တော်လေး အနှောင့်အယှက်ဖြစ်ရတယ်”ဟု မန္တလေးမြို့ခံ ကုန်သည်တစ်ဦးဖြစ်သူ ဦးဆွေက ပြောကြားသည်။

ယင်းသို့တောင်းရာတွင် အမျိုးသားနှစ်ဦးက ပိုက်ဆံအိတ် မပါလာသည့်အတွက် မပေးနိုင်ကြောင်း ပြောဆိုသည်ကို ရန်ပြုသည့်အတွက် စကားများ ရန်ဖြစ်ကြခြင်းဖြစ်ကြောင်း အောင်ပင်လယ်နယ်မြေရဲသခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“နှစ်ယောက်ကတော့ ရှောင်နေပါတယ်။ ကျွန်တော်တို့စခန်းက အမှုစစ်က လိုက်ရှာနေပါတယ်။ ငါးယောက်မှာ သုံးယောက်ကိုတော့ ဖမ်းမိထားပြီ။ စစ်ဆေးနေပါတယ်”ဟု ယင်းအရာရှိက ရှင်းပြသည်။

ထိုးကြိတ်ခံရသူများက တိုင်ကြားသည့်အတွက် ရဲတပ်ဖွဲ့ကစုံစမ်းရှာဖွေခဲ့ပြီးနောက် ထိုးကြိတ်ရာတွင် ပါဝင်ခဲ့သူဟု ယူဆရသူများဖြစ်သည့် အသက် ၁၃ နှစ်နှင့် ၁၄ နှစ်အရွယ် သုံးဦးကို ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုးကြိတ်ခဲ့သူများကို အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၈၃၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀ (အကျိုးဖျက်စီးမှု) / ၃၂၅ (အပြင်းအထန်နာကျင်စေမှု)/၁၁၄ (အားပေးကူညီမှု) တို့ဖြင့် အမှုဖွင်ပေးထားသည်။

M-04