News

POST TYPE

NEWS

ဆိုင်ကယ်နှစ်စီးတိုက်မိ၊ ၆ တန်းကျောင်းသူ လေးဦးနှင့် လူငယ်တစ်ဦး ဒဏ်ရာရ
21-Nov-2018



ကျိုင်းတုံ၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပုံပါကျင်မြို့ အထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ ၆ တန်းကျောင်းသူ လေးဦးနှင့် လူငယ်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးက သူ့ညီမနဲ့ သူငယ်ချင်းကို ကျောင်းလာပို့ချိန်မှာ ကျောင်းသူကောင်မလေးတစ်ယောက်နဲ့ သူ့သူငယ်ချင်း စီးလာတဲ့ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြတာပါ။ ဆိုင်ကယ်မောင်းတဲ့ကျောင်းသူက အသက်အန္ထရာယ်စိုးရိမ်ရပြီး ကျန်တဲ့သူတွေက မစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ၆ တန်းကျောင်းသူများဖြစ်သည့် ဆိုင်ကယ်မောင်းနှင်သူ မနန်းဖွေးဖွေး (၁၁ နှစ်) အပါအဝင် မနန်းကွမ်းနုံ (၁၁ နှစ်)၊ မအာဆီမ (၂၃ နှစ်)၊ မမားထား (၁၆ နှစ်) နှင့် ဆိုင်ကယ်မောင်းနှင်သူ မောင်အားဆန်း(၂၅ နှစ်) တို့ ဒဏ်ရာအသီးသီးရရှိခဲ့၍ မနန်းဖွေးဖွေးနှင့် မောင်အားဆန်းတို့နှစ်ဦးကို ယာဉ် (ပ) ၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း ပုံပါကျင်နယ်မြေရဲစခန်းထံမှ သိရသည်။

R-16