News

POST TYPE

NEWS

ချီကာဂိုဆေးရုံကို သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်၊ ဆရာဝန်၊ ဆေးဝန်ထမ်းနှင့် ရဲအရာရှိတို့ သေဆုံး
21-Nov-2018



ချီကာဂို၊ နိုဝင်ဘာ ၂၀ 

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့ရှိ ဆေးရုံတစ်ခုတွင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆရာဝန်တစ်ဦး၊ ဆေးအမှုထမ်းတစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့ သေဆုံးသွားကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြသည်။ 

သေနတ်သမားသည် ဆေးရုံတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခြင်းလော၊ သို့မဟုတ် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုက်ခြင်းလောဟူသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သေဆုံးသွားသူ ဆရာဝန်နှင့် ဆေးအမှုထမ်းတို့မှာ အမျိုးသမီးများဖြစ်ကြသည်ဟု ချီကာဂိုမြို့တော်ဝန် ရာအီမန်နျူရယ်က အတည်ပြုပြောကြားသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက နောက်ထပ်ရဲအရာရှိတစ်ဦးမှာ ၎င်းကိုင်ထားသောသေနတ်ကို ကျည်ဆန်လာရောက်ထိမှန်သွားသဖြင့် အသက်ဘေးမှလွတ် မြောက်သွားသည်ဟုဆိုသည်။ 

အခြားသတင်းများအရ သေနတ်သမားသည် ၎င်းနှင့် ချစ်ကြိုက်ခဲ့ဖူးသော အမျိုးသမီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပုံရသည်ဟု သိရသည်။ 

ချီကာဂိုမြို့တော်ဝန် ရာအီမန်နျူရယ်က “ချီကာဂိုအနေနှင့် ဆရာဝန်တစ်ဦး၊ ဆေးအမှုထမ်းတစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီပဲဖြစ်ပါတယ်။ သူတို့တစ်တွေဟာ သူတို့ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ကိုင်ရင်းသေဆုံးသွားကြရတာပါ။ ဒါဟာ မကောင်းဆိုးဝါးမိစ္ဆာရဲ့ လုပ်ရပ်ပါပဲ”ဟု ပြောကြားသည်။ 

ပစ်ခတ်မှုမှာ ဆေးရုံ၏ ကားပါကင်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် ဆက်တိုက်အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ချီကာဂိုရဲဌာနက သတင်းထုတ်ပြန်သည်။ 

ဆေးရုံသို့လာရောက်ကာ ဆရာဝန်ပြသခဲ့သောလူနာများလည်း သေနတ်ပစ်ခတ်သံများကို ကျယ်ကျယ်လောင်လောင်ကြားခဲ့ရသည်ဟု ချီကာဂိုသတင်းမီဒီယာများက ဖော်ပြသည်။

သေနတ်ပစ်ခတ်ခံခဲ့ရသော်လည်း ကံကောင်းထောက်မစွာ ထိမှန်ခြင်းမရှိခဲ့သော ရဲအရာရှိက ၎င်း၏ သေနတ်ထဲသို့ဝင်လာသော တစ်ဖက်မှကျည်ဆန်ကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်တွင်ပြသခဲ့သည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အန် ထော်နီဂူလီတာမီက ရဲတပ်ဖွဲ့ဝင် ဆန်မျူရယ် ဂျင်မင်နစ်ဇ် ဒဏ်ရာများဖြင့် အဆိုပါဆေးရုံ တွင် ကွယ်လွန်သွားသည့်အတွက် အထူးပင် ဝမ်းနည်းပူဆွေးရပါကြောင်း ထုတ်ဖော် ပြောကြားသည်။ 

အခင်းဖြစ်ပွားခဲ့သည့် ကရုဏာအမည်ရသော အဆိုပါဆေးရုံသို့ အထူးရဲ တပ်ဖွဲ့ဝင်အမြောက်အမြား ရောက်ရှိလာပြီး စောင့်ကြပ်လျက်ရှိသည်ဟု သတင်းများကဆိုသည်။

တိုက်ဆိုင်သည့်အချက်မှာ အမေရိကန် ပရော်ဖက်ရှင်နယ် ဆေးအမှုထမ်းများက သေနတ်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများအား ဆန့်ကျင်ကန့်ကွက်သည့် အွန်လိုင်းကမ်ပိန်းတစ်ရပ်တွင် ပူးပေါင်းပါဝင်ခဲ့ပြီး ရက်အနည်းငယ်အကြာ၌ ယခုချီကာဂိုဆေးရုံ သေနတ်ပစ်ခတ်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

F-01