News

POST TYPE

NEWS

အမည်အငြင်းပွားခဲ့သည့် ကျေးရွာကို အမည်အသစ်ပြောင်း၍ ရပ်ကွက်အဖြစ် သတ်မှတ်
21-Nov-2018
ကလေး၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ရွာအမည်အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး အပြန်အလှန်ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့သည့်ကျေးရွာနှင့် ယင်းကျေးရွာဘေးရှိ ကျေးရွာနှစ်ရွာကိုပေါင်း၍ အမည်ပြောင်းလဲကာ ရပ်ကွက်အသစ်အဖြစ် အတည်ပြု သတ်မှတ်လိုက်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကလေးမြို့နယ်ရှိ ရွာအမည်အငြင်းပွားမှုများရှိခဲ့သည့် တောင်ဦးကျေးရွာနှင့် ပြင်သာကျေးရွာ နှစ်ရွာကိုပူးပေါင်းကာ အောင်မေတ္တာရပ်ကွက်အဖြစ် အမည်ပြောင်းလဲသတ်မှတ်ရန် လွှတ်တော်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကလေးမြို့တွင် ရပ်ကွက် ၁၉ ခုရှိပြီး ယခုကဲ့သို့ ရပ်ကွက်အသစ်တစ်ခု တိုးလာသည့်အတွက် ရပ်ကွက်ပေါင်း ၂၀ ရှိလာပြီဖြစ်သည်။

“တောင်ဦး၊ တောင်အူ ကွဲနေတဲ့အတွက်လေ၊ တစ်ဖက်က တစ်ဦးဦးပဲ အနိုင်ရချင်တယ်ဆိုတော့ အပြိုင်အဆိုင် ကြိုးစားကြတာပေါ့။ တစ်ဖက်ဖက်က နိုင်သွားရင် ရှုံးတဲ့ဘက်က ကျေနပ်မှာမဟုတ်ဘူး။ အဲဒါဆိုတော့ သက်ဆိုင်ရာလူကြီးတွေက ပြေရာပြေကြောင်း ရွာကို နာမည်အသစ် အစားထိုးပြီး လုပ်ပေးတဲ့အတွက် အားလုံး ကောင်းသွားမယ်လို့ ထင်ပါတယ်”ဟု တောင်ဦးကျေးရွာနေ ရွာသားတစ်ဦးက ပြောဆိုသည်။

ရွာအမည် အငြင်းပွားမှုများရှိခဲ့သည့် ပြည်ထဲရေးအမည်ပေါက် တောင်ဦးကျေးရွာသည် မူလက တောင်အူကျေးရွာဟု စာလုံးပေါင်းပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြည်ထဲရေးက တောင်ဦးဟူ၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်သည့်အပေါ် တောင်အူအမည်ကို ကြိုက်သည့် ကျေးရွာသားနှင့် တောင်ဦးအမည်ကို ကြိုက်သည့်ကျေးရွာသားဟူ၍ အပြန်အလှန် အငြင်းပွားမှုများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က တောင်အူကျေးရွာအဖြစ် သတ်မှတ်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်အပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် တောင်ဦးကျေးရွာအဖြစ် ရေရှည်တည်မြဲရေးဟုဆိုကာ တောင်ဦးအမည်ကြိုက်သည့် ကျေးရွာသားများက ဆန္ဒထုတ်ဖော်မှုတစ်ခု ထပ်မံပြုလုပ်ခဲ့သည်။

အပြန်အလှန် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မှတ်ပုံတင်ပြုလုပ်ပေးရာတွင် တောင်အူအမည်အဖြစ် မှတ်ပုံတင်ထဲတွင်ထည့်သွင်းပေးရန် တောင်းဆိုခဲ့သူ နှစ်ဦးမှာလည်း ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ်နှစ်လ ချမှတ်ခံခဲ့ရသည်။

R-20