News

POST TYPE

NEWS

မန္တလေးတိုင်းဝန်ကြီးချုပ်ကို သတင်းအမှားဖော်ပြသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကို မီဒီယာကောင်စီထံတိုင်
21-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာတစ်ခုက မီဒီယာကျင့်ဝတ် စည်းကမ်းဖောက်ကာ သတင်းမှားဖော်ပြသည်ဆိုကာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ မန္တလေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးက ပြီးခဲ့သည့်ရက်ပိုင်းက တိုင်ကြားထားကြောင်း ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

Daily News Myanmar အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုက မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မိသားစုကုမ္ပဏီများ တင်ဒါအများစု အောင်မြင်နေ၍ လုပ်ငန်းရှင်များ မေးခွန်းထုတ် ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖော်ပြမှုအပေါ် ထောင်နှင့်ချီသည့် ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဖြန့်ဝေခဲ့ကြသည်။

ယခုတိုင်ကြားခံရသည့်ကိစ္စ ဖော်ပြထားသည့် စာမျက်နှာတွင် Daily News Myanmar ဟုသုံး၍ Page အမည်မှာ DNM ဟု အသုံးပြုထားပြီး Website မရှိဘဲ ယင်း Page ကို Like လုပ်ထားသူ အရေအတွက် ၅၁၁ ယောက်သာရှိ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင်မှ စတင်ဖွင့်ထားသော Page ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှစတင်၍ သတင်းများ တင်ထားသည်ကို စိစစ်တွေ့ရှိရကြောင်း ကောင်စီက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုင်ကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် အဆိုပါ DNM (Daily News Myanmar) Page သည် တရားဝင် Page (ဟုတ်/မဟုတ်) ကို စင်ကာပူနိုင်ငံရှိ Facebook Team ထံသို့ မေးမြန်းထားကြောင်း ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆိုရှယ်မီဒီယာများအပေါ်ရှိ သတင်းဌာနအတုများကို ထုတ်လွှင့်နေသူများကို ကော်မရှင်အနေနှင့် စစ်ဆေးနိုင်ခြင်း မရှိသေးသော်လည်း အဆိုပါ စာမျက်နှာများသည် ယုံကြည်ရသည့် တရားဝင်ဌာနများ မဟုတ်ကြောင်းကို အများပြည်သူကို အသိပေးသည့် ဆောင်ရွက်ချက်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

“ဘယ်နေရာကနေ လုပ်နေတယ်ဆိုတာက ကောင်စီရဲ့ လုပ်ပိုင်ခွင့်ထဲမှာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ သတင်းဌာနလို့ အမည်ခံထားရင်တော့ မှတ်ပုံတင်ထားခြင်း ရှိ မရှိသော်လည်းကောင်း၊ နေရပ်လိပ်စာတို့၊ ဆက်သွယ်ရန်ပုဂ္ဂိုလ်တို့၊ အယ်ဒီတာအဖွဲ့တို့ တာဝန်ခံမှု ရှိ၊ မရှိကို စိစစ်ပြီးတော့ ကြေညာတာတော့ လုပ်ခွင့်ရှိတယ်။ ဖော်ထုတ်ဖို့ကတော့ ခက်ခဲပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ တိုင်ကြားထားသည့် DNM စာမျက်နှာတွင် ဆက်သွယ်ရန် ဖုန်းနံပါတ် တစ်စုံတစ်ရာ၊ ဆက်သွယ်ရန် လိပ်စာ တစ်စုံတစ်ရာကိုလည်း ဖော်ပြထားခြင်းမရှိဘဲ အခြားသတင်းဌာနများက ဖော်ပြပြီးသား ဓာတ်ပုံများ၊ သတင်းများကို ကူးယူဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်ပတ်သက်၍ ရေးသားခဲ့သည့်သတင်းတွင် တင်ဒါအများစု ဝန်ကြီးချုပ် မိသားစုများကသာ ရရှိနေကြောင်း၊ အခြားလုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်သော်လည်း အောင်မြင်မှု ရာခိုင်နှုန်းနည်းကြောင်း မန္တလေးတိုင်းဒေသကြီးမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်ဟုဆိုကာ ရေးသားထားခဲ့ခြင်းဖြစ်သည်။

J-08