News

POST TYPE

NEWS

ငြိမ်းချမ်းရေး အလွတ်သဘောတွေ့ဆုံမှု သဘောထားများ နှစ်ဖက်ခေါင်းဆောင်များထံ တင်ပြမည်
21-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၀

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြီးခဲ့သည့်ရက်ပိုင်းက အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု အခြေအနေများကို နှစ်ဖက်ခေါင်းဆောင်များထံ ပြန်လည်တင်ပြကာ ဆက်လက် ဆွေးနွေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံသည့်အဖွဲ့များနှင့် ကော်မရှင်ထံမှ သိရသည်။

နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ငြိမ်းချမ်းရေး ကော်မရှင်အနေနှင့် အပစ်ရပ်လက်မှတ် ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့တို့အပြင် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ကို အလွတ်သဘော သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင် ဘက်တွင် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး ဦးဆောင်ကာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၊ ကော်မရှင် အကြံပေးအဖွဲ့မှ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့ ပါဝင်ခဲ့သည်။
လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အဖွဲ့နှင့် အောက်ခြေတွင် ဖြစ်ပွားနေသည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး အောက်ခြေတွင် အဆင်ပြေမှုရရှိမှ NCA လက်မှတ် ရေးထိုးရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်။

“မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ဆွေးနွေးတယ်။ အဲဒါတွေ ပြေလည်မှုရမှ NCA ထိုးဖို့က ဆက်သွားရမယ့်ကိစ္စဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက် ဆွေးနွေးမှုပုံစံထက် KIO အနေနှင့် ၎င်းတို့၏သဘောထားများကို လာရောက်တင်ပြခြင်းဖြစ်ပြီး ခေါင်းဆောင်များထံ ပြန်တင်ပြသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောဆိုသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့အနေနှင့်လည်း အဆိုပါ အလွတ်သဘောတွေ့ဆုံမှု ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ကလည်း အလွတ်သဘော တွေ့ဆုံမှုအချို့ ထပ်မံပြုလုပ်ပြီးနောက် တရားဝင် ဆွေးနွေးပွဲများ ပြန်လည်တက်ရောက်နိုင်ဖွယ်ရှိကြောင်း ယင်းအလွတ်သဘော ဆွေးနွေးမှုအပြီး ပြောဆိုခဲ့သည်။

အဆိုပါ အလွတ်သဘော ဆွေးနွေးမှုအပြီး တရားဝင် တွေ့ဆုံဆွေးနွေးမှုများ မည်သည့်အချိန်တွင် စတင်သွားမည်ကိုမူ အတိအကျ ပြောဆိုခဲ့ကြခြင်း မရှိခဲ့ပေ။

ကရင်အမျိုးသားအစည်း အရုံး (KNU) အဖွဲ့သည် လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ယာယီဆိုင်းငံ့ကာ အဖွဲ့အတွင်း ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း အစိုးရ၊ တပ်မတော်တို့နှင့် တရားဝင် ဆွေးနွေးပွဲများ မပြုလုပ်သေးဘဲ အလွတ်သဘော ဆွေးနွေးမှုများမှ အဖြေရှာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မတော်နှင့် သီးသန့်တွေ့ဆုံကာ နယ်မြေသတ်မှတ်မှု အပစ်ရပ် စောင့်ကြည့်ရေးလုပ်ငန်းများ ဆွေးနွေးလိုကြောင်း အပစ်ရပ် စောင့်ကြည့်ရေး (JMC) အစည်းအဝေး တက် မတက်ကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အဖွဲ့ ဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) အဖွဲ့ကလည်း အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ် ထိုး၊ မထိုးကို တွေ့ဆုံဆွေးနွေးနေဆဲ အဖွဲ့ဖြစ်ပြီး လက်ရှိအချိန်ထိ လက်မှတ် ထိုး မထိုး သဘောထား အတိအကျကို မသိရှိရသေးပေ။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့များ လက်မှတ်ရေးထိုး ထားသည်။

J-08