News

POST TYPE

NEWS

ဆိုရှယ်မီဒီယာ စောင့်ကြပ်စစ်ဆေးမှုကို ထိုက်သင့်သည့်အချိန်ရောက်မှသာ လွှတ်တော်သို့တင်ပြမည်ဟုဆို
20-Nov-2018
နေပြည်တော်၊ နိုဝင်ဘာ ၂၀

နိုင်ငံတော်အကြီးအကဲများ၏မူအရ ဆိုရှယ်မီဒီယာ စောင့်ကြပ်စစ်ဆေးနေမှုအတွက် ဖွဲ့စည်းထားသည့် Social Media Monitoring Team (SMMT)၏ ဆောင်ရွက်ချက်များကို ထိုက်သင့်သည့်အချိန်တွင် ထိုက်သင့်သော အတိုင်းအတာအထိ လွှတ်တော်သို့ လာရောက်တင်ပြမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။
 
“ဒီဟာကို လွှတ်တော်ကိုယ်စားလှယ်ပြောသလို ပွင့်လင်းမြင်သာမှုကို အပြည့်အဝ မထားနိုင်တဲ့ အကြောင်းအရင်းက တစ်ဖက်က ဥပဒေဘောင်ပြင်ပက လူတွေအနေနဲ့ တုန့်ပြန်အရေးယူ ဆောင်ရွက်ချက်တွေ ရှိမှာစိုးလို့ သူတို့အနေနဲ့ကတော့ ဆောင်ရွက်တာကတော့ မှန်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေက ကျနော့်ကိုတောင် သူတို့က မပြောပါဘူး။ ဆိုလိုတဲ့အချက်ကတော့ ကျနော်တို့ အခုဆောင်ရွက်နေတဲ့ လုပ်ငန်းဆိုတော့ ကျနော်တို့ နိုင်ငံတော်အတွက် အင်မတန် အရေးကြီးကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အကြီးအကဲများရဲ့မူအရ ထိုက်သင့်တဲ့အချိန်မှာ ထိုက်သင့်တဲ့အတိုင်းအတာအထိ လွှတ်တော်ကို အသိပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
 
ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း မေးမြန်းသော နိုင်ငံတော်သမ္မတရုံး၏အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအတွက် ငွေကျပ် သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲဖွဲ့စည်းထားပြီး ယင်းအဖွဲ့ စတင်ဖွဲ့စည်းချိန်မှ ယနေ့ထိ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးရေးအတွက် ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များအား လာရောက်တင်ပြနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည်ထိန်းကျောင်းနိုင်ရန်အတွက် ဖွဲ့စည်းထားသော Social Media Monitoring Team (SMMT)သည် အကြမ်းဖက်လုပ်ငန်းများနှင့် တရားဥပဒေဘောင်ပြင်ပမှ လုပ်ငန်းများကို လေ့လာဆန်းစစ်ပြီး အချက်အလက် စုဆောင်းရသည့် လုပ်ငန်းစဉ်ဖြစ်သဖြင့် တစ်ဖက်တွင် ဥပဒေဘောင်ပြင်ပမှ လူများမသိအောင် ဆောင်ရွက်နေကြကြောင်း ဒုဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်။
 
အဆိုပါအဖွဲ့အနေဖြင့် လတ်တလော မည်သူ့ကိုမျှ အရေးယူထားခြင်း မရှိသေးကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကောင့်အပါအဝင် တပ်မတော် Page ပိတ်သွားခြင်းသည်လည်း ယင်းအဖွဲ့နှင့်မဆိုင်ကြောင်း ၎င်းကမီဒီယာများကိုပြောသည်။
 
“ဘယ်သူတွေ၊ ဘယ်ဝါတွေရယ်လို့ မဟုတ်ဘူး။ ဖြန့်ကြည့်လိုက်မယ်။ ဒါကြောင့်မလို့ စက်ပစ္စည်းတွေက အဆင့်မြင့်နည်းပညာမို့လို့ တန်ဖိုးလည်းကြီးတာပေါ့။ အင်တာနက်မှာ အချက်အလက်က ပွထနေတာ ဒီဟာတွေကို တစ်ယောက်တည်းက ဂူးဂဲလ်မှာ လိုက်ရှာကြည့်လို့ကတော့ ဘယ်လိုမှမပြီးတော့ဘူး။ အဲ့ဒီတော့ အဆင့်မြင့်နည်းပညာ၊ စက်ကိရိယာတွေနဲ့ ကြည့်လိုက်ရင် ကိုယ်လိုချင်တဲ့အချက်အလက်ပေါ့”ဟု ဒုတိယဝန်ကြီးက ဆိုသည်။

အဆိုပါအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ နိုင်ငံတော်သမ္မတရုံး၏ ၇ ရက် ၂ လ ၂၀၁၈ ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ် ၁၉ / ၂၀၁၈ ဖြင့် (SMMT) ကိုဖွဲ့စည်းခဲ့ပြီး မည်သူ၊ မည်ဝါ စသော တစ်ဦးတစ်ယောက်ကို စောင့်ကြည့်ထိန်း ကျောင်းခြင်းမျိုးမဟုတ်ဘဲ ဆိုရှယ်မီဒီယာသုံးစွဲသူ အားလုံးကို ဖြန့်ကျက်ထိန့်ချုပ်ခြင်းဖြစ်ကြောင်း ဦးကျော်မျိုးက ရှင်းပြသည်။
 
S-01