News

POST TYPE

NEWS

ရင်းနှီးမြှုပ်နှံမှု ကြန့်ကြာစေသည့် အချက်များကို ဖြေလျှော့မည်
20-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းလိုက်ပြီးနောက် ရင်းနှီးမြှုပ်နှံမှုကို ကြန့်ကြာစေသည့်အချက်များကို ဖြေလျှော့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယင်းဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းလိုက်ရခြင်း၏ ရည်ရွယ်ချက်မှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ် ထွက်ရှိပြီးသည့်နောက် လုပ်ငန်းလုပ်ကိုင်ရမှုမှာ လွယ်ကူသော်လည်း ဆက်စပ်ဝန်ကြီးဌာနနှင့် ဆောင်ရွက်ရသည့်အခါ အခက်အခဲများ ရှိကြောင်းကို ရင်းနှီးမြှုပ်နှံသူများက ထောက်ပြသည့်အတွက် ဝန်ကြီးဌာနအသစ်အနေနှင့် ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“စံပြုလုပ်ထုံးလုပ်နည်းတွေကို ပြုပြင်ဖို့ရှိတယ်။ လုပ်ငန်းစဉ်တစ်ခုမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေရှိတယ်။ ဒီစာရွက်စာတမ်းတွေကို ဘယ်လောက်လျှော့ချမလဲ။ လုပ်ငန်းအဆင့်တွေ ၁၀ ဆင့်လောက်ရှိမယ်ဆိုရင် ၅ ဆင့်လောက်နဲ့ လုပ်လို့မရဘူးလား၊ ဒါမျိုးတွေလုပ်မယ်။ ကြာချိန်တွေ လျှော့မယ်။ ကုန်ကျစရိတ် တွေလျှော့မယ်။ လုပ်ထုံးလုပ်နည်း ကြာ နေတာကို ပြင်ဖို့ရှိပါတယ်” ဟု ဦးအောင် နိုင်ဦးက ဆိုသည်။

ဝန်ကြီးဌာနအသစ်ဖြစ်သွားသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် လက်ရှိလုပ်နေသည့်လုပ်ငန်းများကိုသာ ဆက်လက် လုပ်ကိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှာ သီးခြားတည်ရှိကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုမိန့် ဆက်လက်ပေးနေမည်ဖြစ်သည်။

တိုင်းပြည်၏ဘဏ္ဍာငွေကို ရှာဖွေပေးနေသည့်ဌာနတစ်ခုအနေနှင့် နိုင်ငံအဆင့် ဝန်ကြီးဌာနတစ်ခု ဖြစ်သင့်ကြောင်း၊ စီးပွားရေးကျပ်တည်းနေချိန်တွင် ယင်းကဲ့သို့ ဝန်ကြီးဌာနဖွင့်ပြီး ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ် ခြင်းအားဖြင့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက သုံးသပ်ပြောကြားသည်။

J-13