News

POST TYPE

NEWS

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး ပြဿနာကြောင့် ယခုနှစ် အေပက်ထိပ်သီးဆွေးနွေးပွဲတွင် ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှိခဲ့
20-Nov-2018

ပို့မာရီစဘေး၊ နိုဝင်ဘာ ၁၉ 

ပါပူးဝါးနယူးဂီနီနိုင်ငံတွင် နှစ်ရက်တာမျှ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(အေပက်) ထိပ်သီးဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သော ၂၁ နိုင်ငံမှ ခေါင်းဆောင်များအနေနှင့် ကုန်သွယ်ရေးနှင့်ပတ်သက်သော မတူကွဲပြားချက်များနှင့် ကွာဟမှုများကို စေ့စပ်ညှိနှိုင်းနိုင်ခြင်းမရှိခဲ့သလို အေပက်ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်အောင်လည်း လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့ နှစ်စဉ်ကျင်းပမြဲဖြစ်သော အေပက်ထိပ်သီးဆွေးနွေးပွဲတွင် ခေါင်းဆောင်များအနေနှင့် ပူးတွဲကြေညာချက်ကြီးတစ်ရပ် ထုတ်ပြန်ရန် ပျက်ကွက်ခဲ့ခြင်းသည် အေပက်၏ ၂၉ နှစ်တာသမိုင်းကြောင်းတွင် ပထမဆုံးဖြစ်သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပါပူးဝါးနယူးဂီနီက မကြာမီရက်ပိုင်းအတွင်း ထိပ်သီး ဆွေးနွေးပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာစာတစ်စောင် ထုတ်ပြန်မည်ဟုသာဆိုသည်။

ယခုနှစ် အေပက်ထိပ်သီးဆွေးနွေးပွဲသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြား ကြီးမားသည့် ကုန်သွယ်ရေးပြဿနာ ပေါ်ပေါက်စဉ် ကျင်းပခဲ့ရခြင်းဖြစ်သည်။

“တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံ တင်းမာမှုနဲ့ပတ်သက်ပြီး ကမ္ဘာကြီးတစ်ခုလုံးက စိုးရိမ်သောက ရောက်နေကြတယ်”ဟု ပါပူးဝါးနယူးဂီနီ ဝန်ကြီးချုပ် ပီတာအိုနေးလ်က သတင်းထောက်များကိုပြောကြားသည်။

ပါပူးဝါးနယူးဂီနီ နိုင်ငံခြားရေးဝန်ကြီး ရင်မ်ဘင့်ပါတို၏ ပြောကြားချက်အရ အေပက်ခေါင်းဆောင်များ အခက်တွေ့ခဲ့ရသည့် အဓိကကိစ္စမှာ နိုင်ငံပေါင်းစုံပါဝင်သော ကုန်သွယ်ရေးစနစ် ပေါ်ပေါက်ရေးအတွက် ဘုံသဘောတူညီချက် ရရှိရေးပင်ဖြစ်ခဲ့သည်ဟု ဆိုသည်။

AP သတင်းဌာနက ဖတ်ရှုခွင့်ရလိုက်သည့် အေပက်ကြေညာစာတမ်း မူကြမ်းတွင် တရုတ်နိုင်ငံက အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးအယူအဆနှင့် တစ်ဖက်သတ် အယူအဆများကို လုံးလုံးလျားလျား ဆန့်ကျင်ကြောင်း ထပ်ခါတလဲလဲဖော်ပြထားသည်ဟု သိရသည်

အခြားသော သတင်းရင်းမြစ်များ အဆိုအရ အဆိုပါမူကြမ်းတွင် မိမိစိတ်ကြိုက် အချက်အလက်များ ပါဝင်နိုင်ရေးအတွက် ပါပူးဝါးနယူးဂီနီ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသို့ တရုတ်အစိုးရအရာရှိများ မရမက ဝင်ရောက်ရန် ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့များကိုပင် ခေါ်ယူခဲ့ရသည်ဟု ဆိုသည်။

သို့သော် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့က ပါပူးဝါးနယူးဂီနီတွင် လျှပ်စစ်မီးနှင့် အင်တာနက်ကောင်းမွန်စွာ ရရှိရေးအတွက် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်သည်ဟုဆိုသည်။

F-01