News

POST TYPE

NEWS

လားရှိုးတန်ဆောင်တိုင်ပွဲတော်ကာလ မြို့တွင်းသို့ ယာဉ်ကြီးများ ဝင်ခွင့်မပြု
20-Nov-2018
လားရှိုး၊ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များကို မြို့တွင်းသို့ လုံးဝ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင်က ည ၈ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအတွင်း လားရှိုးမြို့အတွင်းသို့ ကုန်တင်ယာဉ်များကို ဝင်ခွင့်ပေးခဲ့သော်လည်း ယခုပွဲတော်ကာလအတွင်း၌မူ ယင်းအချိန်ပိုင်းဝင်ထွက်ခွင့်ကိုပါ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း လားရှိုးမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ခံ ဒုရဲမှူးကျော်ခိုင်က ပြောကြားသည်။

“ပုံမှန်အတိုင်းကတော့ မြို့အတွင်းကို ကုန်တင်ယာဉ်တွေ ဝင်ခွင့်ပေးတယ်။ အချို့လည်း ကုန်တင်ကုန်ချလုပ်တယ်။ အချို့လည်းပြင်ဆင်တာတွေ လုပ်နိုင်အောင် ဝင်ခွင့်ပေးတဲ့သဘော ခွင့်ပြုခဲ့တယ်။ ပွဲတော်ကာလ ၂၀ ရက်နေ့ကစပြီး ၂၃ ရက်နေ့အထိ လုံးဝဝင်ခွင့်မပြုပါဘူး”ဟု ၎င်းကပြောဆိုသည်။

ယခုနှစ် တတိယအကြိမ်တန်ဆောင် တိုင်မီးပုံးပျံပွဲတော်ကို ချယ်ရီမြိုင်အိမ်ရာအတွင်း ကျင်းပမည်ဖြစ်ပြီး အဆိုပါအိမ်ရာအနီး၌ နားမခေါ် ယာဉ်ရပ်နားစခန်းရှိရာ ခရီးသည်ပို့ဆောင်ရေးယာဉ်ကြီးများ ရပ်နားသည့်နေရာဖြစ်ရာ ပွဲတော်လာသူများ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်မပြုခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှသိရသည်။

ပြီးခဲ့သည့်နှစ်များ ပွဲတော်ကျင်းပစဉ်က ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုနှစ်၌လည်း ယာဉ်ကြောပိတ်ဆို့ခြင်းမျိုး မဖြစ်ပေါ်စေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်နှင့် လားရှိုးခရိုင်အတွင်းရှိမြို့နယ်များမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ပါဝင်အားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် မြို့ပေါ်ရှိပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ပါဝင်အားဖြည့်ကူညီမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

R-07