News

POST TYPE

NEWS

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ချေးမည့် ယူရိုသန်း ၇၀ ကို ပိုအရေးကြီးသည့်လုပ်ငန်းများတွင် သုံးသင့်ဟု လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
20-Nov-2018

နေပြည်တော်၊ နိုဝင်ဘာ ၁၉

ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို သန်း ၇၀ ချေးငွေကို ရန်ကုန်မြို့တော် အဆင့်မြှင့်တင်မည့်လုပ်ငန်းထက် ပိုမိုအရေးကြီးသော လုပ်ငန်းများအတွက် ရင်းနှီးလုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ဆွေးနွေးကြသည်။

နိုဝင်ဘာလ ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျုဟာစီမံချက်ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရို သန်း ၇၀ ချေးငွေယူမည့် ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြခြင်းဖြစ်သည်။

“အခု ချေးငွေမှာ ရန်ကုန်မြို့တော် စည်ပင်က သုံးစွဲမယ့်လုပ်ငန်းတွေမှာ အဓိကပါဝင်တဲ့ပန်းခြံ၊ ကားပါကင်၊ ဈေးအဆင့်မြှင့်ခြင်း၊ အများပြည်သူသုံး အပန်းဖြေနေရာတွေဆိုတာကို ကျွန်မတို့အနေနဲ့ မလုပ်သင့်တဲ့ အလုပ်တွေလို့ မပြောချင်ပေမယ့် ဒီထက် အရေးကြီးတာတွေ ရှိနေတာကိုလည်း ကိုယ်စားလှယ်ကြီးများ အားလုံး သိရှိပြီးဖြစ်ပါတယ်”ဟု ဒေါ်ယဉ်မင်းလှိုင်က ဆိုသည်။

စည်ပင်သာယာရေး ကော်မတီသည် မိမိအခွန်ငွေဖြင့် ရပ်တည်ရမည်ဖြစ်ရာ ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ထားသော ကားများကို ဘီးခွန်ကောက်ခံမှုကို ကျပ်လေးသောင်းမှ တစ်သိန်းရှစ်သောင်းအထိ ၄ ဆ တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် ရန်ကုန်စည်ပင်၏ ကိုယ်ပိုင်ဝင်ငွေ များပြားလာမည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ပါဝင်သောလုပ်ငန်းများအတွက် အသေးစိတ် အချက်အလက်များ မပါဝင်ကြောင်း၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် ရယူထားသော ချေးငွေသည် ဒေါ်လာ ၅၆၄ သန်းကျော်ရှိပြီး ယခုချေးငွေပါ ပေါင်းလျှင် ဒေါ်လာ သန်း ၇၀၀ နီးပါး ရောက်ရှိမည်ဖြစ်ရာ ရန်ကုန်မြို့တော် စည်ပင်၏ ဝင်ငွေနှင့် အသုံးစရိတ်များကိုပါ တင်ပြသင့်ကြောင်း ၎င်းကထောက်ပြသည်။

ပြည်ပချေးငွေဖြင့် အခြေခံလိုအပ်ချက်၊ မရှိမဖြစ် လိုအပ်ချက်နှင့် အဓိက လိုအပ်ချက်များကိုသာ အသုံးပြု၍ ထိရောက်အောင် ဆောင်ရွက်သင့်ပြီး ပညာရေး၊ ကျန်းမာရေး စသည့် လိုအပ်ချက်အပြင် နိုင်ငံတစ်ဝန်းမှ မြစ်ချောင်းကမ်းပါး ပြိုခြင်းကြောင့်သော်လည်းကောင်း ရွှေ့ပြောင်းနေရသည့် ရပ်ရွာများ၊ ပျက်စီးနေဆဲဖြစ်သည့် လယ်ယာကိစ္စများကို ဦးစားပေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်ကလည်း “ဒီဟာနဲ့ပတ်သက်ပြီး ဘယ်သူမှန်တယ်။ မှားတယ် မပြောလိုပါဘူး။ တတ်နိုင်သမျှကတော့ Executive Power ကို ရယူထားကြတဲ့ အစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးအဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားဖို့အတွက် ပြည်ထောင်စုဝန်ကြီးများနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ကျွန်တော် အကြံပြုလိုပါတယ်”ဟု ဆိုသည်။

ယင်းစီမံကိန်းသည် ရန်ကုန် ပြည်သူအတွက် အဓိကလိုအပ်ချက် မဟုတ်ဘဲ Water Taxi ကုမ္ပဏီအတွက် လုပ်ဆောင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဓိကဖြစ်သည့် ယာဉ်ပိတ်ဆို့မှုပြဿနာ၊ မှုခင်းဖြစ်ပွားမှု လျှော့ချနိုင်ရေး အပါအဝင် လမ်းမီးတိုင်များ မီးလင်းရေးကိစ္စများကို လုပ်ဆောင်စေလိုကြောင်း၊ BOD စနစ်ဖြင့် ဆောင်ရွက်နိုင်သော ပုဇွန်တောင် ဈေးအဆင့်မြှင့်တင်ခြင်း၊ ကြည့်မြင်တိုင် ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံခြားချေးငွေယူရန် မသင့်ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က ထောက်ပြသည်။

“ရန်ကုန်တိုင်းက လူတွေက သင်္ဘောစီးသွားဖို့ စိတ်မကူးကြဘူး။ မြန်မြန်ထက်ထက် လိုင်းကားစီးသွားမယ်။ ရထားနဲ့သွားမယ်၊ အဲဒီရေလမ်းက သဲ သမ္ဗာန်၊ ကျောက်သမ္ဗာန်တွေ သွားကြတာ။ အပန်းဖြေတဲ့သူတွေလောက်ပဲ စီးမှာ။ အခုပဲ Water Taxi လုပ်တယ်။ လူတွေရတယ်။ အခု စီးမယ့်သူ မရှိတော့ဘူး။ နောက်ဘယ်လိုဖြစ်မလဲဆိုတော့ ဟိုတုန်းက အလုံနဲ့ ဖောက်ထားတဲ့ လျှပ်စစ်မီးရထားလမ်း အခုရပ်လိုက်ရပြီ။ သန်းပေါင်း များစွာ ကုန်ခံပြီးလုပ်ထားတာ။ တိုင်းပြည် ဘယ်လောက်ဆုံးရှုံးနစ်နာသလဲ။ အရင်းတောင် ပြန်မရဘူး”ဟု ၎င်းကဆိုသည်။

“ချေးငွေ ထောက်ပံ့ငွေ ယူရို ၈၄.၇ သန်းဟာ မြန်မာငွေအနေနဲ့ လက်ရှိ ပေါက်ဈေး ၁၇၇၀ ကျပ်နဲ့ တွက်ချက်မယ်ဆိုရင် ကျပ် ၁၅၀ ဘီလီယံခန့်ရှိလို့ ကျွန်တော်တို့ ကရင်ပြည်နယ်တစ်ခုလုံးရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက် အသုံးစရိတ် လျာထားငွေရဲ့ နှစ်ဆလောက်ရှိတာကိုတွေ့ရလို့ သုံးစွဲရမယ့်ငွေပမာဏနဲ့ နိုင်ငံရဲ့အကျိုးဖြစ်ထွန်းမှုကို ချိန်ထိုးစိစစ်သင့်ကြောင်း တင်ပြလိုပါတယ်”ဟု ကရင်ပြည်နယ် လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုကလည်း ထောက်ပြသည်။

ယူရိုငွေ သန်း ၇၀ သည် ဆိုင်းငံ့ ကာလ ၈ နှစ်နဲ့ ပြန်ဆပ်ကာလ ၁၇ နှစ် ပေါင်း ၂၅ နှစ်ဖြစ်ပြီး အတိုးနှုန်းနည်းသော်လည်း ငွေကြေးအတက်အကျပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ကြောင်း ၎င်းကပြောဆိုသည်။

စီမံကိန်းလုပ်ငန်းတစ်ခုလုံးအတွက် သုံးစွဲကုန်ကျမှု၊ တန်ရာ၊ တန်ကြေး ပြန်ရနိုင်မှု၊ နိုင်ငံနှင့် ပြည်သူအကျိုးအတွက် အထောက်အကူပြုနိုင်မှု၊ ကြုံတွေ့နေရသည့် အလုပ်လက်မဲ့ ပြဿနာနှင့် ဆင်းရဲမှု လျှော့ချရေးပြဿနာများကို အထောက်အကူပြုရန် ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ဦးခင်ချိုက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်း အစီအစဉ်နှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်တို့ကို လာမည့် နိုဝင်ဘာလ ၂၆ ရက်နေ့ တနင်္လာနေ့တွင် ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

S-01