News

POST TYPE

NEWS

ပြည်ပသို့ ပို့ကုန်မြှင့်တင်နိုင်ရေးအဖွဲ့ ဖွဲ့မည်
19-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပါဝင်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ပညာရှင်တွေ၊ အကြံပေးတွေနဲ့ညှိပြီး ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အဖွဲ့ ဖွဲ့ဖို့ လုပ်နေပါပြီ။ သက်ဆိုင်ရာ ပို့ကုန်လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်သွားမှာပါ။ မြန်မာကလည်း ထုတ်ကုန်တွေ ထုတ်ဖို့လိုပြီ။ ဒါတွေကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပြီး ထိထိရောက်ရောက် လုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောဆိုသည်။

သက်ဆိုင်ရာ ပို့ကုန်လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး အဖွဲ့ဖွဲ့စည်းပြီးပါက ပို့ကုန်တိုးမြှင့်ရန်အတွက် ဝိုင်းဝန်းအကြံ ပြုဆွေးနွေးကာ ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၌ အရည်အသွေးနှင့် အညွှန်းများ တပ်ဆင်ရန်အပြင် စံချိန်စံညွှန်းများနှင့် ထုတ်လုပ်မှုဆိုင်ရာ ထောက်ခံချက် လက်မှတ်များကိုလည်း သက်ဆိုင်ရာ ဌာနများက ထုတ်ပေးရန်လိုအပ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“ကုန်သွယ်မှုပမာဏ တိုးတက်ပေမယ့် ပို့ကုန်၊ သွင်းကုန်မှာ သွင်းကုန်ကများနေတဲ့အတွက် အမြဲတမ်း လိုငွေပြနေပါတယ်။ နောက်ပိုင်းမှာ ပို့ကုန်ကို တွန်းပို့နိုင်အောင် အစိုးရဘက်က ဆောင်ရွက်ပေးနိုင်တာတွေကို ကြိုးစားဆောင်ရွက် သွားပါမယ်”ဟု ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေမှာ ကုန်သွယ်မှုပမာဏ မြင့်တက်လာသော်လည်း ပို့ကုန်ထက် သွင်းကုန်ပစ္စည်း ပမာဏ ပိုမိုမြင့်တက်နေသည့်အတွက် လိုငွေပြနေခြင်းဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်သစ် တစ်လကျော်ကာလအတွင်း ကုန်သွယ်မှုလိုငွေ ပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၃၇၀ ခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

J-11