News

POST TYPE

NEWS

အရက်ဖိုးတောင်းသည့် အစ်ကိုကို ညီကတုတ်ဖြင့်ရိုက်သတ်
19-Nov-2018

ချောက်၊ နိုဝင်ဘာ ၁၉

မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းရွာကျေးရွာတွင် နိုဝင်ဘာ ၁၈ ရက် ည ၁၁ နာရီခန့်က အစ်ကိုဖြစ်သူက အရက်ဖိုးတောင်းရာ ညီအစ်ကိုချင်း စကားများရာမှ ညီက ဝါးလုံးဖြင့်ရိုက်သတ်ခဲ့ကြောင်း ပဒါန်းနယ်မြေရဲစခန်းထံမှ သိရသည်။

ပဒါန်းကျေးရွာ ရွာမ (၈) လမ်းနေ ဦးတင်လှိုင်သည် နေအိမ်တွင် သားကြီး ဝင်းနိုင်၊ သားငယ် လှမိုးတို့နှင့်အတူရှိနေစဉ် နေအိမ်အောက်ထပ်မှ သားလတ် အောင်မိုးက အရက်မူးဆဲဆိုပြီး ပိုက်ဆံတောင်းရာ အိမ်အပေါ်ထပ်ရှိ ၎င်း၏ညီ လှမိုးက ဖခင်ကို ပိုက်ဆံမပေးရန်ပြောဆိုပြီး အိမ်အောက်ဆင်းပြီးနောက် အိမ်နောက်ဖေးရှိ အရှည်သုံးတောင်ခန့်ရှိ ဝါးလုံးကိုယူဆောင်ပြီး ညီအစ်ကိုနှစ်ယောက် အပြန်အလှန် ရိုက်နှက်ကြခဲ့ကြသည်။

ထို့နောက်တွင် လှမိုး အပါအဝင် သားအဖ သုံးဦးတို့ အိပ်ရာဝင်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက် နံနက်အရောက်တွင် အောင်မိုးကို အခင်းဖြစ်နေရာတွင်ပင် ရိုက်နှက်စဉ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရ၍ ဖခင်ဖြစ်သူ ဦးတင်လှိုင်က လာရောက်တိုင်တန်းခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဝါးလုံးတုတ်ဖြင့် ရိုက်သတ်သူ လှမိုး (၃၃ နှစ်)ကို ပဒါန်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ယင်းစခန်းမှ သိရှိရသည်။

R-24