News

POST TYPE

NEWS

ယခင်နှစ်ထက် ဖရဲသီး တန်ချိန်လေးသောင်းနီးပါး ပိုမိုတင်ပို့
19-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံက ဝယ်လိုအားများသည့်အတွက် ဖရဲသီးတင်ပို့မှုမှာ ယခင်နှစ်ထက် တန်ချိန် လေးသောင်းနီးပါးပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ဖရဲသီးတန်ချိန်ပေါင်း နှစ်သိန်းခွဲကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူကမူ တန်ချိန် နှစ်သိန်းတစ်သောင်းသာ တင်ပို့နိုင်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

“တရုတ်နိုင်ငံမှာ ရာသီဥတုမကောင်းလို့ ဖရဲခင်းတွေပျက်တော့ မြန်မာက ဖရဲသီးတွေကို ရသလောက်ဝယ်တယ်။ တော်ရုံ တန်ရုံ ဖရဲသီးတောင် ဝယ်တယ်”ဟု မူဆယ်ကုန်သည် ဦးလှမောင်က ပြောကြားသည်။

မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ တစ်နေ့လျှင် ဖရဲသီးကားစီးရေ ၁၀၀ ကျော်ဝင်ရောက်ပြီး ဖရဲသီးတစ်တန်လျှင် မြန်မာငွေကျပ် နှစ်သောင်းကျော်မှ ခြောက်သောင်းကျော်အထိ ရရှိကြောင်း၊ မန္တလေးမှ အရည်အသွေးကောင်းသည့် ဖရဲသီးများ ပိုမိုဝင်လာသောကြောင့် ဖရဲသီးဈေးတက်လာကြောင်း မူဆယ် သစ်သီးဈေးကွက်ထံမှ သိရသည်။

ဖရဲသီးမှာ ဆောင်းသီးနှံဖြစ်သည့်အတွက် နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် အများဆုံးစိုက်ပျိုးကြပြီး တရုတ်နှစ်သစ်ကူးတွင် သစ်သီးပေါ်ချိန် ဖြစ်သောကြောင့် ဖရဲသီးမှာ ဈေးကောင်းရကြောင်း ဖရဲ စိုက်ပျိုးသူ ဦးတိုးချိန်က ပြောဆိုသည်။

“ဖရဲသီးက တောင်သူတွေလည်း ဈေးကောင်းရတယ်။ တစ်တန်ကို နှစ်သောင်းကျော်ဆိုတော့ တောင်သူတစ်ယောက်ကို သိန်းနှစ်ဆယ်ကျော်လောက် အမြတ်ဝင်ပါတယ်”ဟု ၎င်းကဆိုသည်။

J-13