News

POST TYPE

NEWS

ပီလောပီနံအချောမှုန့် လက်ကျန်ဈေးကွက် စံချိန်တင်မြင့်တက်
19-Nov-2018
ဟင်္သာတ၊ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသထွက် ပီလော ပီနံအချောမှုန့် လက်ကျန်ဈေးကွက်မှာ နိုဝင်ဘာလပ ထမပတ်မှ နိုဝင်ဘာလ ဒုတိယပတ်အတွင်း မျှော်မှန်းထားသည့် ဈေးနှုန်းထက် ပိုမိုကာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကုန်သည်လှောင်လက်များနှင့် စိုက်ပျိုးထုတ်လုပ်သူများက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများက ပိဿာသုံးဆယ်ဆံ့ တစ်အိတ်လျှင် တစ်သောင်းသုံးထောင့်ငါးရာကျပ် အဖွင့်ဈေးဖြစ်ခဲ့သည့် ပီလော ပီနံအချောမှုန့်ဈေးကွက်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့၌ ပိဿာသုံးဆယ်ဆံ့ တစ်အိတ်လျှင် တစ်သောင်း ရှစ်ထောင်ကျပ်အထက်ဈေးနှုန်း မျှော်မှန်းထားခဲ့ရာ ယခုနိုဝင်ဘာလအတွင်း ပီလောပီနံအချောမှုန့် လက်ကျန်ပိဿာ သုံးဆယ်တစ်အိတ်လျှင် သုံးသောင်း ခြောက်ကျပ်ဈေးအထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

“ဒီဈေးက တစ်ခါမှမဖြစ်ဖူးဘူး။ အချောမှုန့်ဈေးကောင်းလာတာတောင် ငါးနှစ်ခန့်ပဲရှိသေးတယ်။ အဲဒီငါးနှစ်မှာ မဖြစ်ဖူးဘူး။ အမြင့်ဆုံးမှန်းထားတာ တစ်အိတ်သုံးသောင်းထက်မပိုဘူး။ သုံးသောင်းလည်းမရဘူး”ဟု ပုသိမ်ခရိုင် ကျုံပျော်ဒေသခံ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် ကုန်သည်ဦးလှစိုးဦးက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှ စတင်ထုတ်လုပ်မည့် ပီလောပီနံအချောမှုန့်အသစ် ဈေးကွက်မှာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းလိုအား၊ ဝယ်လိုအားများမြင့်တက်ခဲ့ပြီး ပိဿာသုံးဆယ်တစ်အိတ်လျှင် နှစ်သောင်းသုံးထောင် ကျပ်ခန့်ဈေးမြင့်နေကြောင်း၊ တောင်သူ အများစုက ပိုင်ဆိုင်သည့် ဧကလေးပုံတစ်ပုံကို ဆနွင်းအစားထိုး စိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းလည်း လျော့ကျနိုင်ကြောင်း ၎င်းကပြောကြားသည်။ 

ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင် အပါအဝင် ပီလောပီနံစိုက်ပျိုးရာဒေသ အများစု၌ အထွက်နှုန်းကျဆင်းခြင်းကြောင့်လည်းကောင်း၊ တောင်သူများ လက်ဝယ်တွင် အမြင့်ဈေးရရှိမှု နည်းပါးခြင်းကြောင့်လည်းကောင်း စိုက်ပျိုးဧကများ လျှော့ချခဲ့ရကြောင်း၊ ယင်းအပြင်လုပ်သားရှားပါးမှု သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ ဝယ်လိုအားနှင့် အထွက်နှုန်းလျော့ကျမှုအပေါ် ဈေးကွက်မြင့်တက်ဝယ်ခြင်းဖြစ်နိုင်ကြောင်း ဝါရင့် ကုန်သည်အများစုက ခန့်မှန်းသည်။

R-13