News

POST TYPE

NEWS

အမေရိကန် အရေးယူပိတ်ဆို့မှုများရှိသော်လည်း အီရန်၊ အီရတ် ကုန်သွယ်ရေး တိုးချဲ့နိုင်ဟု ရိုဟာနီပြောကြား
19-Nov-2018


တီဟီရန်၊ နိုဝင်ဘာ ၁၈

အမေရိကန်၏ အရေးယူပိတ်ဆို့မှု အသစ်များရှိလာသော်လည်း အီရန်နှင့် အီရတ် နှစ်နိုင်ငံ နှစ်စဉ်ကုန်သွယ်မှုကို လက်ရှိဒေါ်လာ ၁၂ ဘီလီယံမှ ၂၀ ဘီလီယံအထိ မြှင့်တင်နိုင်သည်ဟု အီရန်သမ္မတ ရိုဟာနီက စနေနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တီဟီရန်သို့ အလည်အပတ် ရောက်ရှိနေသော အီရတ်သမ္မတ ဘာဟမ်ဆာလစ်နှင့်တွေ့ဆုံကာ ပြောကြားလိုက်သော ရိုဟာနီ၏ မှတ်ချက်များသည် အမေရိကန်က အီရန်၏ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ပြန်လည်ချမှတ်ပြီးနောက် နှစ်ပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

“လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့၊ လောင်စာဆီနဲ့ ရေနံရှာဖွေရေး လုပ်ငန်းတွေမှာ ကုန်သွယ်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု ရိုဟာနီကပြောကြားသည်။

ဘဂ္ဂဒက်သည် ၎င်း၏ ဓာတ်အားပေးစက်ရုံများအတွက် အီရန်ဓာတ်ငွေ့ကိုတင်သွင်းနိုင်ရန် အမေရိကန်ထံမှ ခွင့်ပြုချက်ရရှိဖို့ ကြိုးစားနေသည်။ အီရတ်တာဝန်ရှိသူများက အခြားရင်းမြစ်တစ်ခုကိုရှာဖွေရန် အမေရိကန်က ပေးထားသော အချိန် ၄၅ ရက်ထက် ပို၍ လိုအပ်သည်ဟုပြောကြားသွားသည်။

“နယ်ခြားမှာလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်တွေ ဖန်တီးဖို့၊ နှစ်နိုင်ငံ ရထားလမ်းတွေ ချိတ်ဆက်ဖို့ အရေးကြီးပါတယ်။ ဆက်ဒမ်ဟူစိန်ကို တော်လှန်တုန်းက အီရတ် ပြည်သူတွေကို အီရန်ကထောက်ခံခဲ့တာကို ကျွန်တော်တို့ မမေ့ပါဘူး။ မကြာသေးခင်က အကြမ်းဖက်ဝါဒကို တွန်းလှန်တုန်းက အီရန်ရဲ့ရပ်တည်မှုကိုလည်း မမေ့ပါဘူး”ဟု အီရတ်သမ္မတ ဆာလစ်ကပြောကြားသည်။

ထို့နောက်တွင် သမ္မတခါလစ်သည် အီရန်ဘာသာရေးခေါင်းဆောင် အယာတို လာခါမေနီနှင့်လည်း တွေ့ဆုံခဲ့သည်။

“ဒေသတွင်းနဲ့ ပြည်ပအစိုးရအချို့က အစ္စလာမ်ဘာသာနဲ့ အီရတ်အပေါ် မကျေနပ်စိတ်ကို ကိုင်စွဲထားပြီး အီရတ်ပြည်တွင်းရေးကို စွက်ဖက်နေကြတယ်။ ဒါကိုတွန်းလှန်ဖို့ တစ်ခုတည်းသောနည်းက အီရတ်မှာရှိတဲ့ ကာ့ဒ်တွေ၊ အာရပ်တွေ၊ ရှီးယိုက်တွေ၊ ဆွန်နီတွေ အားလုံး စည်းလုံးပြီးအားကောင်း ရမယ့်အချက်ပဲ”ဟု ခါမေနီက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဆော်ဒီတို့သည် ရှီးယိုက်နှင့် ဆွန်နီအကြား သွေးကွဲမှုကို အမြတ်ထုတ်နေကြသည်ဟု အီရန်ကစွပ်စွဲလျက်ရှိသည်။

အမေရိကန်နှင့် ဆော်ဒီကလည်း အီရန်သည် လက်ဘနွန်၊ ဆီးရီးယားနှင့် ယီမင်တွင် ပဋိပက္ခများ ပိုဆိုးအောင် သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲထားသည်။

အီရန်သည် အီရတ်၌ IS အဖွဲ့ကို နှိမ်နင်းရာတွင် အဓိကပါဝင်ခဲ့သောရှီးယိုက် ပြည်သူ့စစ်များကို လေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းဖြင့် အိမ်နီးချင်း အီရတ်တွင် ဩဇာချဲ့ထွင်လျက်ရှိသည်။

F-04