News

POST TYPE

NEWS

ပုသိမ်ရွှေမုဋ္ဌောစေတီတွင် မသိုးသင်္ကန်းရက်ပြိုင်ပွဲကျင်းပမည်
19-Nov-2018


ပုသိမ်၊ နိုဝင်ဘာ ၁၈

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်လေ့ရှိသော ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောစေတီ၌ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မသိုးသင်္ကန်း ရက်ကန်းခတ်ပြိုင်ပွဲကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ယင်းစေတီဂေါပကအဖွဲ့ထံမှ သိရသည်။

“ရက်ကန်းစင်က ၁၀ စင်ရှိပါတယ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေပိုင်းမှာ ရက်ကန်းခတ်ပြိုင်ပွဲ ပြုလုပ်ပါမယ်၊ နောက်တစ်နေ့ လပြည့်နေ့ (နိုဝင်ဘာ ၂၂ ရက်)မနက် အာရုံမတက်မီမှာ အပြီးချုပ်လုပ်ပြီး စေတီတော်ရင်ပြင်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် ၈၄ ဆူကို ဆက်ကပ်လှူဒါန်းသွားမှာပါ”ဟု ဂေါပကရုံး ရုံးအဖွဲ့မှူး ဦးလှအောင်က ပြောဆိုသည်။

၃၁ ကြိမ်မြောက်ရက်ကန်းပြိုင်ပွဲ၌ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်ပေါင်းစုံမှ ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် သင်္ကန်းချုပ်လုပ်ခြင်းကို ပုသိမ်မြို့ရှိ အိမ်တွင်းမှုအတတ်ပညာ သင်ကျောင်းမှ ဆရာ/ဆရာမများ၊ သင်တန်းသားသင်တန်းသူများမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

“ဒီခေတ်မှာ ရက်ကန်းခတ်တတ်တဲ့သူတွေ၊ ရက်ကန်းခတ်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ ရှားလာပါပြီ၊ မြန်မာ့ရိုးရာလက်မှုပညာတွေ မတိမ်ကောအောင် ထိန်းသိမ်းတဲ့အနေနဲ့ ဒီပြိုင်ပွဲကို ပြုလုပ်ပေးရတာပါ၊ နောက်တစ်ခုက ပိုက်ဆံရှိလို့ သင်္ကန်းဝယ်လှူနိုင်ပေမယ့် ဒီလိုပွဲမျိုးတွေမှာ ရက်ကန်းအတတ်ပညာကို တတ်ထားလို့သာလျှင် ကိုယ်ကိုယ်တိုင်ခတ်တဲ့ချည်ထည်ကို မသိုးသင်္ကန်းအဖြစ် ညတွင်းချင်းချုပ်ပြီး မြတ်စွာဘုရားကို ကပ်လှူရတဲ့ကုသိုလ်မျိုးက ရှားရှားပါးပါး အခွင့်အရေးပါ၊ ဒါကြောင့် ကျွန်တော်တို့ဒီပြိုင်ပွဲတွေကို ဦးစီးဦးဆောင် ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်”ဟု ပုသိမ်မြို့မှ ရက်ကန်းပညာရှင် ဦးထွန်းသန်းက ရှင်းပြပြောဆိုသည်။

ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ရက်များအတွင်း ရွှေမုဋ္ဌောစေတီတော်ကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲအပြင် ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ ဘာသာရေးအဖွဲ့များမှ ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ခြင်း၊ ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းစေတီဂေါပကအဖွဲ့ထံမှ သိရသည်။

R-11