News

POST TYPE

NEWS

တက္ကသိုလ်ဆရာများ၏ ရာထူးတိုး၊ ပြောင်းကို စာတမ်းထုတ်ဝေမှုအရေအတွက်နှင့် လုပ်သက်ရမှတ်ဖြင့် ဆုံးဖြတ်မည်
19-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပွဲဆူနေသည့် တက္ကသိုလ်အဆင့် ဆရာ၊ ဆရာမများ၏ ရာထူးတိုး၊ ပြောင်းများကို အများပြည်သူလူထုထံထုတ်ဝေသည့် ပညာရေးနှင့်သက်ဆိုင်သည့် သုတေသန အထူးပြုဂျာနယ်တွင်ပါရှိသော သုတေသနစာတမ်း အရေအတွက်နှင့် လုပ်သက်ရမှတ်ပေါင်းဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “အရင်တုန်းက အမှတ်ပေးတာက Paper Publication ထွက်ရင်လည်း ပေးတယ်။ စာတမ်းဖတ်ရင်လည်း ပေးတယ်။ အခုက Paper Publication ထွက်တဲ့ဟာတွေကိုပဲ အမှတ်ပေးမယ်။ လုပ်သက်နဲ့ သုတေသန စွမ်းဆောင်ရည်နဲ့ ပေါင်းတယ်။ ပေါင်းပြီး အများ၊ အနည်းစီတယ်။ တူလို့ရင် သင်ကြား ရေးရမှတ်နဲ့ နိုင်ငံတော်အဆင့်နဲ့ ဝန်ကြီး ဌာနအဆင့်ရတဲ့ ဆုတံဆိတ်တွေကိုပေါင်းတယ်။ အဲဒါချင်းတူမှ နောက်ဆုံး ဝဖ ရမှတ် တန်းစီတယ်”ဟု ရှင်းပြသည်။

စာတမ်းထုတ်ဝေရာတွင် တက္ကသိုလ်ကထုတ်ဝေသည့် စာစောင်များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင်ပါရှိသည့် သုတေသနစာတမ်းများသည် အကျုံးဝင်မည်မဟုတ်ဘဲ ပညာရေးနှင့်သက်ဆိုင်သည့် သုတေသန အထူးပြု ဂျာနယ်များတွင် ဖော်ပြထားသော သုတေသန စာတမ်းအရေအတွက်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းက တက္ကသိုလ်ဆရာ၊ ဆရာမများကြား ကထိကမှ တွဲဖက်ပါမောက္ခ ရာထူးတိုး၊ ပြောင်းနှင့် တွဲဖက်ပါမောက္ခမှ ပါမောက္ခ ရာထူးတိုး၊ ပြောင်းတန်းစီဇယား ၂ စောင် ထွက်ပေါ်ခဲ့ပြီး အဆိုပါတန်းစီဇယားမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် ဆရာ၊ ဆရာမများအတွက် နစ်နာသည်ဟုဆိုကာ တက္ကသိုလ်အချို့မှ ဆရာသမဂ္ဂများက ကန့်ကွက်စာ အသီးသီး ထုတ်ပြန်ခဲ့သည်။

ထိုသို့ကန့်ကွက်စာများ ထုတ်ပြန်ပြီးနောက် အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အသီးသီးမှ ဆရာ၊ ဆရာမကိုယ်စားလှယ်များ ခေါ်ယူ၍ အဆိုပါတန်းစီဇယားများကို နေပြည်တော်တွင် နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်ထိ ပြန်လည်စိစစ်ခဲ့ခြင်းဖြစ်သည်။

မုံရွာတက္ကသိုလ် မြန်မာစာဌာန လက်ထောက်ကထိက ဦးကျော်ဝေဖြိုးက “ဒီမူကိုလည်း ဆရာတွေကတော့ ရာထူးတက်တဲ့သူက လက်ခံမယ်။ ရာထူးမတက်တဲ့သူ လက်မခံဘူး။ တကယ်တမ်းက ဘယ်မူပဲဖြစ်ဖြစ် မျှတတဲ့မူဝါဒ ချမှတ်ဖို့ပဲလိုတာ။ အဲဒီမူအတိုင်း ကျင့်သုံးဖို့ပဲလိုတာ။ အဲဒီမူကို ကျင့်သုံးလို့ပြောလာတဲ့ ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေကို တစ်ခါတစ်လေ ဂရုမစိုက်တာ အကောင်းဆုံးပဲ”ဟု ဆိုသည်။

လက်ရှိ ပြန်လည်စိစစ်လိုက်သည့် တန်းစီဇယားသည် နိုင်ငံတကာစာတမ်း ဖတ်ပွဲများတွင် Presentation လုပ်ထားသူများအတွက် နစ်နာမှုရှိသော်လည်း ယခုကဲ့သို့ အထောက်အထားအခိုင်အမာ ရှိသည့် Public ဖြင့်စာတမ်းထုတ်ဝေမှုကို အမှတ်ပေးခြင်းသည် မျှတမှုရှိကြောင်း ဦးကျော်ဝေဖြိုးက ပြောကြားသည်။

လက်ရှိတွင် ပါမောက္ခရာထူးတိုး၊ ပြောင်းရွှေ့နှင့် တွဲဖက် ပါမောက္ခရာထူး အပြောင်းအရွှေ့ ၃ ခုသာ တန်းစီဇယား ပြန်စီပြီးဖြစ်ကြောင်း၊ ကထိကရာထူးမှ တွဲဖက်ပါမောက္ခရာထူးတိုးကို ဒေါက်တာ ဘွဲ့မရသေးပါက ကိုယ်တိုင်ရေး သုတေသနစာတမ်း ၂ စောင်ရှိလျှင် တန်းစီဇယားတွင် ထည့်သွင်းပေးမည်ဖြစ်ပြီး အဆိုပါတန်းစီဇယားအတွက် တက္ကသိုလ်များထံမှ အချက်အလက် တောင်းထားဆဲဖြစ်ကြောင်း ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

“ဒီတန်းစီဇယားရပြီးသွားရင် ပါမောက္ခချုပ်တွေအဖွဲ့ကို ပြန်ခေါ်ပြီး နေရာ (လစ်လပ်နေရာ)ကို သူတို့နဲ့ပြန်လုပ်ရဦးမှာ။ အခုကတော့ သက်ဆိုင်ရာ ကျောင်းတွေက ကိုယ်စားလှယ်ဆရာ၊ ဆရာမတွေက အမှတ်ပေးစည်းမျဉ်းနဲ့ အမှတ်ကို သေချာအောင် ပြန်လည်စစ်ဆေးပေးမှာ”ဟု ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ရာထူးတိုးပြောင်းရွှေ့မှုကို ယခုနှစ်တွင်မှ ဆရာများနှင့်ညှိနှိုင်းကာ အသစ်ရေးဆွဲ ထားခြင်းဖြစ်ပြီး အမှတ်ဖောင်းပွမှုကြောင့် ပြန်လည်စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် အားလုံး သဘောတူညီမှုရလျှင် လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

လက်ရှိတွင် ကထိကမှ တွဲဖက်မောက္ခ ရာထူးတိုး၊ တွဲဖက်ပါမောက္ခ ရာထူးပြောင်းရွှေ့နှင့် တွဲဖက်ပါမောက္ခမှ ပေါမောက္ခရာထူး၊ ပါမောက္ခရာထူးပြောင်းရွှေ့ လျှောက်ထားသူ စုစုပေါင်း ၃၀၀၀ နီးပါးရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရသည်။

J-19