News

POST TYPE

NEWS

ဆိပ်ကမ်းအနိုင်ရ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း အပါအဝင် သုံးဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့်အမှုဖွင့်
19-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ဆိပ်ကမ်းမြို့နယ်ရှိ လစ်လပ်နေသော တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) နေရာအတွက် မဲအနိုင်ရရှိခဲ့သူ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင် အပါအဝင် သုံးဦးကို နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက ဆိပ်ကမ်း မြို့မရဲစခန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖွင့်ခံရသူ သုံးဦးမှာ မဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်၊ ရွေးကောက်ပွဲ ကိုယ်စား လှယ် ဒေါ်တိုးတိုးလွင်နှင့် May Htut ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးလင်းအောင်အောင်တို့ဖြစ်ပြီး ၎င်းတို့မှာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် မဲဆန္ဒရှင်များကို အသေးစားချေးငွေလုပ်ငန်းဖြင့် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ဆောင်ရွက်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ယင်းအမှုကို တရားလိုပြုတိုင်ကြားသူမှာ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့မှူး ဦးရဲမင်းသိမ်းဖြစ်ပြီး အမှုစစ်မှာ ဆိပ်ကမ်းမြို့မ ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဆိပ်ကမ်းမြို့နယ်တွင် ရဲဝန်ထမ်း မိသားစုနှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်းမိသားစု အများစုနေထိုင်ကြပြီး ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ဦးရေမှာ တစ်ထောင်ကျော်သာ ရှိခဲ့သည်။ ယင်းမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က မဲအရေအတွက် ၅၁၅ ဖြင့် အဓိက ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းကို မဲအနိုင်ရရှိခဲ့သည်။

လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ အရ မည်သူမဆို အောက်ဖော်ပြပါ ပြုလုပ်မှုတစ်ခုခုကိုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပြီး (က) တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော်လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေနှင့်သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးကို အသုံးပြု၍ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းဟု ဖော်ပြထားသည်။

အမှုဖွင့်တိုင်ကြားခံရမှုနှင့်ပတ်သတ်၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ခေါ်ဆို၍ မရပေ။

S-03