News

POST TYPE

NEWS

ဘားအံရှိ ဘိလပ်မြေစက်ရုံများတွင် ကျောက်မီးသွေးလောင်စာသုံးလျှင် ကန့်ကွက်မည်
18-Nov-2018

ဘားအံ၊ နိုဝင်ဘာ ၁၇

ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာ အုပ်စု လှာကာကျေးရွာအုပ်စုအတွင်းရှိ ဘိလပ်မြေစက်ရုံ (၂) ရုံတွင် ကျောက်မီးသွေးလောင်စာသုံးစွမ်းအင်ဖြင့် လည်ပတ်ထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်မှုများကို လက်မခံဘဲ ကန့်ကွက်မည်ဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။

ယခုနှစ် အောက်တိုဘာလဆန်း ပိုင်းမှစတင်၍ သံလွှင်မြစ်ဘေးရှိ ဖိုးရှိုး ကျေးရွာ ဆိပ်ခံတံတားအသစ်မှတစ်ဆင့် ဘိလပ်မြေစက်ရုံဝင်းအတွင်းသို့ ကျောက်မီးသွေးများကို ကျောက်သယ်ကားကြီးများဖြင့် သယ်ဆောင်နေခြင်းကြောင့် ယင်းစက်ရုံများကို ကျောက်မီးသွေး လောင်စာအသုံးပြုပြီး လည်ပတ်မည်ကို စိုးရိမ်နေကြောင်း ၎င်းတို့ကဆိုသည်။

“ဒီဘိလပ်မြေစက်ရုံတွေမှာ ကျောက်မီးသွေးသုံးပြီး လည်ပတ်မယ့်ကိစ္စကို သဘောမတူနိုင်ဘူး၊ ကျောက်မီးသွေးစနစ် သုံးမယ့်ကိစ္စကို ရပ်တန့်ပေးဖို့ ကန့်ကွက်စာထုတ်တင်ပြတောင်းဆိုသွားမယ်၊ ဘိလပ်မြေစက်ရုံထဲမှာ ကျောက်မီးသွေး စက်ရုံအဆောက်အအုံတွေ ဆောက်နေကတည်းက ကျွန်မတို့ကန့်ကွက်တယ်” ဟု လှာကာကျေးရွာဒေသခံ ဒေါ်စိုးစိုးဌေးက ပြောဆိုသည်။

ယင်းဘိလပ်မြေစက်ရုံလည်ပတ်မှုစနစ်နှင့် ပတ်သက်ပြီး ဒေသခံများကို စက်ရုံဘက်မှ ရှင်းလင်းစွာ ထုတ်ပြန်ကြေညာထားခြင်းမရှိဘဲ ကျောက်မီးသွေးများသယ်ယူရာတွင်လည်း စနစ်တကျ သယ်ယူခြင်းမဟုတ်သည့်အတွက် ဖိတ်စင်မှုများလည်းရှိကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုဝင်ဘာလ ၁၀ ရက်နေ့က ကန့်ကွက်ပွဲတစ်ခုလုပ်ခဲ့သေးကြောင်း ၎င်းကဆိုသည်။

“ကျောက်မီးသွေးသုံးတာကို ကန့်ကွက်တယ်ဆိုတာကိုလက်ခံပါတယ်၊ ဒါကို ကျွန်တော်တို့ကော်မတီနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စု အစိုးရတွေဆီအချက်အလက် စုံစုံလင်လင်နဲ့ အထောက်အထားခိုင်ခိုင်မာမာနဲ့ စာရွက်စာတမ်းတွေနဲ့ တင်ပြတိုင်တန်းစေချင်တယ်၊ ဒါမှ ကျွန်တော်တို့က ဆင်းပြီးစစ်ဆေးတာတွေ လုပ်လို့ရမယ်၊ နောက်ပြီးစက်ရုံတွေ ကျောက်မီးသွေးလောင်စာ အသုံးပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ စံချိန်စံညွန်း EIA/SIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာတွေကို စစ်ဆေးလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောကြားသည်။

ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာတွင် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) မှ တည်ဆောက်ထားသည့် ဘိလပ်မြေစက်ရုံ (၂) ရုံ တည်ရှိပြီး ထုတ်လုပ်လည်ပတ်နေသည်မှာ နှစ် ၂၀ နီးပါးရှိပြီဖြစ်ကာ စတင်ဆောက်လုပ်ချိန်ကတည်းက မြေသိမ်းယာသိမ်းပြဿနာများ၊ စီမံကိန်းဧရိယာထက် ပိုသိမ်းဆည်းထားသော မြေယာများကို ပြန်လည်စွန့်လွှတ်ခြင်းမရှိဘဲ မြေယာအငှားချထားခြင်းများလည်းရှိကြောင်း ယင်းဒေသခံများက ဆိုသည်။

R-17